ဩဂုတ်-၇၊၂၀၂၅။လူအေး/People’s Spring
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့ ရေဘေး၌ သေဆုံးသူ ၁၁ဦးရှိလာပြီး ပျောက်ဆုံးနေသူများလည်း ရှာဖွေရေးခက်ခဲနေကာ လမ်းများပျက်စီးခြင်း၊ တံတားများကျိုးကျခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။
သံတောင်ကြီးမြို့တွင် ဩဂုတ် ၄ရက် ညနေမှစ၍ ရေဘေး ကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူလူဦးရေ မြင့်တက်လာသည်။ ဩဂုတ် ၄ရက်တွင် ၄ဦး၊ ဩဂုတ် ၅ရက်တွင် ၄ဦး၊ ဩဂုတ် ၆ရက်တွင် ၃ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး အပျက်အစီးအလွန်များပြားကြောင်း ဒေသခံတစ်ဦးကပြောသည်။
” ထိခိုက်ပျက်စီးမှုတွေကလည်း မြင်မကောင်းအောင်ပဲ။ သေဆုံးတဲ့သူတွေအပြင် ပျောက်ဆုံးနေတာတွေလည်းရှိတယ်။ ဒါမျိုး တစ်ခါမှမကြုံဖူးပါဘူး”ဟုအသက် (၅၀)အရွယ်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
တောင်ပေါ်ကျေးရွာများတွင် သေဆုံးသူအချို့၏ ရုပ်အလောင်းများကိုပြန်လည်ရရှိထားသော်လည်း အဆက်အသွယ်မရဘဲပျောက်ဆုံးနေသူ ၁၀ဦးထက်မနည်းရှိနေသည်ဟု ၎င်းကပြောသည်။
ယနေ့ ဩဂုတ် ၇ရက်တွင် မိုးဆက်လက်ရွာသွန်းနေပြီး ရေဘေးနှင့်မြေပြုမှု ဘေးအန္တရာယ် ဆက်လက်ကြီးမားနေဆဲဖြစ်၍ ဒေသခံများကစိုးရိမ်နေကြသည်။
လက်ရှိ ရေဘေးနှင့် မြေပြုမှုဘေးကို သံတောင်ကြီး မြို့ ပေါ်ရပ်ကွက်များအပြင် လိပ်ပြာလေးရွာ၊ ခိုဝယ်ရွာနှင့်ထီးပူခီးကျေးရွာတို့တွင်ဆိုးရွားစွာ ကြုံတွေ့နေသည်ဟု သတင်းရရှိသည်။
သံတောင်ကြီးမြို့နယ်အတွင်းလမ်းပန်းဆက်သွယ်ရေးများပြတ်တောက်နေသလို အနီးပတ်ဝန်းကျင်မြို့များသို့သွားသည့်လမ်းများမှာလည်း မြေပြိုမှုများကြောင့် သွားလာ၍မရကြောင်း သတင်းရရှိသည်။
လမ်းများရှင်းလင်းရေးအတွက် လူမှုကူညီရေးအဖွဲ့များကကြိုးပမ်းနေကြသော်လည်း စက်ယန္တရားအင်အားနှင့်လူအင်အားလိုအပ်နေဆဲဟု အကူအညီပေးနေသူများက ပြောသည်။
ယခုရေဘေးသည့်ဩဂုတ်လဆန်းမှစ၍မိုးကောင်းပြီးနောက် ကြုံတွေ့ရခြင်းဖြစ်ပြီး ယင်းမတိုင်မီ ဇူလိုင်လနှောင်းပိုင်းကလည်း တောင်တရုတ်ပင်လယ်မှ Wipha မုန်တိုင်းအရှိန်ကြောင့်မိုးကောင်းခဲ့စဉ် သံတောင်ကြီးမြို့နယ်အပါအဝင် ကရင်ပြည်နယ်နှင့်ပဲခူးတိုင်းထိစပ်ဒေသများဖြစ်သော တောင်ငူ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ အုတ်တွင်း၊ ဖြူး၊ထန်းတပင်၊ ရေတာရှည်မြို့နယ်များ၌ ရေဘေးကြုံခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီး(လယ်ဒို)၊ မုန်း(မူး)မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၁၀၀ ကျော် ရေဘေးကြုံနေရသည်ဟု KNUက ထုတ်ပြန်ထားသည်။
ဩဂုတ် ၄ရက်မှ၁၀ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်တောင်ဘက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး မုတ်သုံလေ အားကောင်းနေ၍ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM)က သတင်းထုတ်ပြန်ထားသည်။မိုးသည်းထန်စွာရွာ သွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကိုသတိပြုကြရန် သတိပေးထားသည်။






















































