Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် ၃ဦးသေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၇ရက်နံနက်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့ကို ယနေ့ ဩဂုတ်၁၇ရက် နံနက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ မီးခိုးများထွက်နေစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်လအတွင်း TNLA နယ်မြေ၌ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၄၀နီးပါးရှိလာ

ဩဂုတ်−၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ယနေ့ ဩဂုတ် ၁၇ရက်နံနက်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၉နာရီခန့်က မိုးကုတ်မြို့အရှေ့ပိုင်း၊ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအနီးအား ပေါင် (၂၅၀)ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဩဂုတ် ၁၄ရက်ညပိုင်းက တကြိမ်၊ ဩဂုတ် ၉ရက်တွင် တကြိမ် မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။

ဩဂုတ် ၁၄ရက် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်။ ဩဂုတ် ၉ရက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပြည်သူ ၅ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ဟု အသိပေးထားသည်။

စစ်ကောင်စီက ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ သေဆုံးဒဏ်ရာရသူများတွင် သံဃာတော်နှင့် ကိုရင်အချို့ ပါဝင်သည်။

စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသည့် မိုးကုတ်၊ သီပေါ၊ ကျောက်မဲမြို့နယ်များကို ယခု ဩဂုတ်လအတွင်းလေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ဦး၊ သံဃာ ၂ပါး၊ အမျိုးသမီး ၁၇ဦး၊ အမျိုးသား ၁၆ ဦး စုစုပေါင်း ၃၈ဦးသေဆုံးကာ ၂၇ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက ပြည်သူကိုပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ များ လိုက်နာဆောင်ရွက်ရန် TNLAက ထပ်လောင်းနှိုးဆော်ထားသည်။

TNLA ခေါင်းဆောင်တဦးဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့သည့် စစ်အာဏာရှင်များ၏ လုပ်ရပ်နှင့် ကိုယ်ကျိုးစီးပွားတခုတည်း ကြည့်သည့် တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုသည် လက်ရှိ တော်လှန်ရေး၌ ရင်ဆိုင်နေရသည့် အကြီးမားဆုံးအခက်အခဲဖြစ်ကြောင်း ပြီးခဲ့သည့် ၄ရက်ခန့်က လူမှုကွန်ရက်တွင်ရေးသားခဲ့ပြီးနောက်စစ်ကောင်စီက ပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့ပြင် တအာင်းအရပ်ဖက်အဖွဲ့အစည်းများကလည်း တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ TNLA ထိန်းချုပ်ဒေသများ ပြန်ပေးရန် ဖိအားပေးနေသကဲ့သို့ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းများ၊ နည်းပညာများ ထောက်ပံ့ပေးကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ပိုမိုအားဖြည့်ပေးနေကြောင်း ဩဂုတ် ၁၃ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် ခေတ်မီစစ်လက်နက်ပစ္စည်းများ ပံ့ပိုးပေးနေသည့် နိုင်ငံများ ၊ လုပ်ငန်းရှင်များ၊ အိမ်နီးချင်းနိုင်ငံများအားလုံး ချက်ချင်းရပ်တန့်ပေးရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသော်လည်း စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် အရှိန်မြှင့်လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook