သြဂုတ်-၁၈၊ ၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား ၃၂ ဦးသေ ဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာပျောက်ဆုံးနေသူအချို့ရှိနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့(ဩဂုတ် ၁၈ရက်) ထုတ်ပြန်သည်။
သြဂုတ် ၁၇ရက်က တရားမဝင်အာဏာသိမ်းစစ်တပ်က မော်ချီးဒေသကို လေကြောင်းတိုက်
ခိုက်မှုနှင့် မဆင်မခြင် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟုဖော်ပြသည်။
“ မော်ချီးဒေသ (၁၆)ကုန်းရပ်ကွက်ကို ခန့်မှန်းပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ကြဲချသတ်ဖြတ်ခဲ့တာဖြစ်တယ်။ ပျောက်ဆုံးသူ နှစ်ဦးရှာမတွေသေးဘူး” ဟု IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက ပြောသည်။

Public Service Announcement
၂၀၂၅အတွင်း အကြမ်းဖက်စစ်တပ်အနေဖြင့် မော်ချီးဒေသတခုတည်းအား စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်မှု ၁၁ကြိမ်ခန့်ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။
အသက်ဆုံးရှုံးခဲ့ရသော အရပ်သားပြည်သူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း IECက ထုတ်ပြန်သည်။
“ လူမှုစီးပွားပျက်အောင် လုပ်တယ်။လူတွေ တနေရာထဲမှာလုပ်ကိုင်စားသောက်လို့ အဆင်ပြေပြီ ဆို ဖျက်ဆီးတယ်။သူတို့ပဲ စီးပွားရေးကို ထိန်းချုပ်မယ်။သူတို့လိုချင်တဲ့ စနစ်အောက်မှာပဲ ရှိရမယ်။ကိုယ့်စီးပွားရေးစနစ်နဲ့ ကိုယ့်ဘာသာလည်ပတ်ပြီဆိုရင် လူတွေမနေနိုင်အောင်လူတွေ အတိဒုက္ခရောက်အောင်၊ဆင်းရဲမွဲတေမှုဖြစ်အောင်လုပ်တာ အခုနောက်ပိုင်းစစ်ကောင်စီက တွင်တွင်ကျယ်ကျယ်လုပ်လာတယ်” ဟု ဦးဗညားက ပြောသည်။
တရားမဝင်အာဏာသိမ်းစစ်တပ်၏ အပြစ်မဲ့ပြည်သူများအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဆိုသည်။
ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း တရားမဝင် အာဏာ သိမ်းစစ်တပ်၏ ကြီးလေးသည့် စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများ အပေါ်ထိရောက်စွာ အရေးယူနိုင်ရေး IECက အလေးအနက်တိုက်တွန်းထား
သည်။





















































