ဩဂုတ်-၂၈၊၂၀၂၅။လူအေး/People’s Spring
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်အား စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအနက် (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂ဦးထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ၁၄ဦး ရှိလာပြီဖြစ်သည်။
ဒိုင်းကျီရပ်ကွက်ရှိအလှူအိမ်တအိမ်ကိုဩဂုတ်၂၅ရက် ည ၁၁နာရီ ၂၅မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဖြစ်သည်။
အလှူလုပ်ရန်ပြင်ဆင်နေကြသောမိသားစုဝင်များနှင့်ပတ်ဝန်းကျင်မှ ကလေးငယ် (၅) ဦး အပါအဝင် အရပ်သား ၁၂ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ဦးအနက် အသက်(၄)နှစ်အရွယ် မောင်အောင်အောင်၊(၃၂)နှစ်အရွယ် ဒေါ်အေးစန္ဒာတို့ ထပ်မံသေဆုံးခဲ့သည်ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
၎င်းတို့နှစ်ဦးသည် ဩဂုတ် ၂၆ရက် ညနေ ၄နာရီခွဲခန့်အချိန်၌ ထပ်မံသေဆုံးခဲ့ခြင်းဟု ဆိုသည်။
စစ်ကောင်စီသည် ဩဂုတ် ၂၅ရက်က မြောက်ဦးမြို့အပြင် မင်းပြားနှင့် ပေါက်တောမြို့နယ်ရှိ လူနေ ရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများမှလည်း ပုဏ္ဏားကျွန်းမြို့ရှိ လူနေရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ဇန်နဝါရီ ၁ရက်မှ ဇူလိုင် ၃၁ရက်အထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ကလေး ၂၆ဦးအပါအဝင် အရပ်သား ၁၁၅ဦးသေဆုံးပြီး ၂၀၄ဦး ဒဏ်ရာရခဲ့သည်ဟုအာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းတွင် ရန်ကုန်နှင့်နေပြည်တော်မှလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေသည်။
နိုင်ငံတစ်ဝန်း၌စစ်ရှုံးနေသောစစ်ကောင်စီသည်ရခိုင်ပြည်နယ်၌သာမက အခြားဒေသများတွင်လည်း စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင် ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သော မြို့ရွာရပ်ကွက်များကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေသည်ဟု AAက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသောလုပ်ရပ်များကိုပြင်းထန်စွာရှုတ်ချပြီး ဤလုပ်ရပ်များကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ပြီး မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဆက်လက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။




















































