စက်တင်ဘာ−၁၁၊၂၀၂၅။ ဟန်နွေ/People’s Spring
အာဏာသိမ်း စစ်အုပ်စုကြိုးပမ်းနေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကိုလက်မခံကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တော်လှန်ရေးအင်အားစုအားလုံးကအတိအလင်းထုတ်ဖော်ထားပြီးဖြစ်၍ နည်းမျိုးစုံသုံး ဆန့်ကျင်တိုက်ဖျက်မည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
NUG သတင်းပြန်ကြားရေးဌာန PVTVနှင့် မေးမြန်းခန်းတွင် ဝန်ကြီးဦးရည်မွန်က စစ်အုပ်စု ပြင်ဆင်နေသည့်ရွေးကောက်ပွဲ အကြောင်း ရှင်းပြကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
” အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲတခုလုပ်ဖို့ ပြင်ဆင်နေပေမယ့် သူကိုယ်တိုင်လည်း မဝံ့မရဲဘဲဆိုတာ ကျနော်တို့ တွေ့ရတယ်။ဘာကြောင့်လဲ တရားမျှတမှုလည်းမရှိ၊အတုအယောင် အလိမ် အညာ ရွေးကောက်ပွဲ တကယ် ဂုဏ်သိက္ခာရှိတဲ့ ဘယ်နိုင်ငံကမှ ထောက်ခံလိမ့်မယ်မဟုတ်ဘူး ဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။ သူတို့ကို ထိုက်သင့်သလောက် အသိအမှတ်ပြုနေတဲ့ အိမ်နီးချင်းနိုင်ငံသည်ပင်လျင် အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်ဖို့ တွန်းအားပေးနေတယ်လို့လည်း ကျနော်တို့ သတိပြုမိတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement
ပြည်သူအများစုက အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ကြလိမ့်မည်ဟုလည်း ဝန်ကြီးက ပြောသည်။
” စစ်အုပ်စုလို့ ပြောမယ်ဆိုရင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုတာက သူ့ရဲ့ ကိုယ်ပွား အမာခံ နိုင်ငံရေးပါတီပေါ့ဗျာ။ ဒီရွေးကောက်ပွဲမှာ စစ်အုပ်စုရဲ့ အမာခံ နိုင်ငံရေးပါတီနဲ့ သူ့ရဲ့ နောက်မီးဆွဲတွေ လက်ဝေခံတွေတော့ ဝင်ပြိုင်ကြပါလိမ့်မယ်။အာဏာသိမ်းပြီးတော့ တရားမဝင်ယူထားတဲ့ နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲတခုနဲ့ သူ့ရဲ့ အမာခံ နိုင်ငံရေးပါတီကို အမည်ခံလွှဲပြောင်းပေးပြီး တရားဝင်မှု ရှာချင်တဲ့ အဓိပ္ပါယ်လို့ ဒီလိုပြောရပါလိမ့်မယ်။ NUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးကတော့ ဒီ ရွေးကောက်ပွဲ လုံး၀ လက်ခံမှာ မဟုတ်ဘူးဆိုတာ အတိအလင်း ထုတ်ဖော်ထားကြပြီးဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံရေးနည်း၊ စစ်ရေးနည်း၊ လူထုနည်းပေါ့ နည်းစုံသုံးပြီး ဒီရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ဖို့ ကြိုးစားသွားကြမှာလည်း ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ၊ ဆုံးရှုံးနယ်မြေများ ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
နေ့စဉ်နဲ့အမျှ ရန်သူ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ အသေအပျောက်ရှိနေသည့် သတင်းများ ကြားရ၍ စိတ်မချမ်းသာစရာဖြစ်ရဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
“လေကြောင်း ကြိုတင်အချက်ပေးယန္တရားတွေသာမရှိရင် ထိခိုက်မှုက ဒီထက်ပိုပြီးတော့ ဆိုးနိုင်ပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
PDF၊ ပသုံးလုံးယန္တရားများက ပြည်သူများ လေကြောင်းအန္တရာယ် ကြိုတင်ရှောင်ရှားနိုင်စေရန် ပညာပေးခြင်း၊ ဗုံးခိုကျင်း တူးခြင်း ၊ လေကြောင်းကြိုတင်အချက်ပေးသည့် စနစ်များထူထောင်ရန် စသည့်အလုပ်များကို အားစိုက်လုပ်ဆောင်နေရသည့် အချိန်ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
“အခုအချိန် အကြမ်းဖက်စစ်အုပ်စု ပိုပြီးအတင့်ရဲလာစေတဲ့ အဓိက အကြောင်းကတော့အာဏာရှင်နိုင်ငံတချို့ဒီနိုင်ငံတွေရဲ့ ပြောင်ပြောင် တင်းတင်း ရပ်တည် ထောက်ခံမှု အချက်ပဲ။ ဒီအချက်ကိုပဲ အသုံးချ ဆိုက်ဝါးထည့်ရင်း ထိုးစစ်တချို့ အရဲကိုးလုပ်လာတဲ့သဘော။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆိုရင် ဒီအချိန်မှာ နယ်မြေအချို့ စွန့်ကောင်းစွန့်ရမယ် ဒါပေမဲ့ စစ်မျက်နှာအလိုက် ရန်သူ့ထိုးစစ်ကို ထိထိရောက်ရောက်ချေမှုန်းပစ်နိုင်ဖို့ ဒါကို ကျနော်တို့ ကြိုးစားနေတဲ့ အချိန်ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
TNLA အနေဖြင့် နောင်ချိုကို လက်လွှတ်ခဲ့ရကြောင်း၊ မန္တလေး ဒေသ PDF များ သပိတ်ကျင်းကို လက်လွှတ်ခဲ့ရကြောင်း ဥပမာများ ပြောသည်။
“အခုအချိန်က ခံစစ်တွေတိုက်ဖို့သင့်တော်တဲ့အချိန်မဟုတ်ဘူး။ အဲဒီအတွက် မြို့တွင်းက ကိုယ့်တပ်တွေ မြို့ပြင် ပြန်ထွက်ပေးတဲ့သဘောပါ။ အခုဆိုရင် လှုပ်ရှားစစ်နဲ့ ရန်သူကို ပြန်ထိုးနေတဲ့အချိန်လို့ ပြောချင်ပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
စစ်အုပ်စုက ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးသည်ဟုဆိုသော်လည်း အနှစ်သာရမှာဆန့်ကျင်နေကြောင်း၊ လူငယ်များကို အဓမ္မ စစ်သားစုဆောင်းပြီး စစ်အာဏာအတွက် ရှေ့တန်းပို့ အသေခံခိုင်းသည့်အလုပ်များ စစ်အုပ်စုက လုပ်နေကြောင်း၊ ထို့ပြင် အရပ်သား ပြည်သူများ တော်လှန်ရေးကို မထောက်ခံရဲအောင် မရပ်တည်ရဲအောင် နေ့စဉ်နှင့်အမျှ အကြမ်းဖက်သတ်ဖြတ်သည့် အလုပ်များကျူးလွန်နေကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။
“စစ်ရေးနည်းလမ်းသပ်သပ်နဲ့တော့ ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ အနိုင်ယူနိုင်စွမ်းမရှိဘူးဆိုတာ စစ်အုပ်စု ကောင်းကောင်းသိပါတယ်။သူ့လက်စွဲကတော့ နိုင်ငံရေးအရ သွေးခွဲသပ်လျှိုတဲ့နည်းနဲ့ စစ်ရေးနည်းကို ပေါင်းစပ်ပြီး ကျင့်သုံးတဲ့ပုံစံပါ။ တော်လှန်ရေးအဖွဲ့အစည်းတွေ တော်လှန်ရေးခေါင်းဆောင်တွေကိုနာမည်ဖျက်မယ် သွေးခွဲမယ် သပ်လျှိုမယ်ပေါ့ဗျာ ။ ခြိမ်းခြောက် အကြပ်ကိုင်တာ အခွင့်အရေးပေးတာ နည်းစုံသုံးပြီး မညီမညွတ်ဖြစ်အောင် လုပ်ပါလိမ့်မယ်။ ဒါသူလုပ်နေကျ။ အခုရော နောင်ရော ဒီနည်းကိုပဲ သုံးတာ။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးအထူးသတိပြုရမယ့် ကိစ္စဖြစ်တယ်လို့လည်းပြောလိုပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။


















































