■စစ်ကောင်စီရွေးကောက်ပွဲ ပါဝင်သည့် ပါတီဝင်များ အရေးယူမည်ဟု NLD က ထုတ်ပြန်ပြီးနောက် သမ္မတဦးဝင်းမြင့်၏တရားရုံးစစ်ဆေးချက်ဆိုသည့်စာပျံ့နှံ့လာ
စက်တင်ဘာ-၁၅၊၂၀၂၅။ဟန်နွေ/People’s Spring
နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးထားသည့် အာဏာသိမ်းစစ်တပ်က လုပ်နေသည့် ဖမ်းဆီးမှု၊ တရားရုံးစစ်ဆေးမှုများအားလုံးသည် တရားဝင်မှုမရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောကြားသည်။
သမ္မတဦးဝင်းမြင့်၏တရားရုံးထွက်ဆိုချက်ဆိုသည့် စာရွက် ၅ ရွက်ပါ စာများစက်တင်ဘာ ၁၅ရက်တွင်လူမှုကွန်ယက်ပေါ်တွင်ပျံ့နှံ့လာသည်။အဆိုပါစာများမှာ မှန် ၊မမှန်ကိုမူ People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

Public Service Announcement
ထိုစာများနှင့်ပတ်သက်၍ NUG၏ သဘောထား ကို မေးမြန်းရာ ဦးနေဘုန်းလတ်က အောက်ပါအတိုင်းပြောကြားသည်။
“အဓိကပြောလိုတာကနိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အခုလို မျိုး စစ်တပ်ကနေ မတရားဖမ်းဆီးတာက နိုင်ငံတော် ပုန်ကန်မှုကိုကျူးလွန်ခြင်းဖြစ်တယ်။သူတို့လုပ်တဲ့ဒီဖမ်းဆီးမှုတွေ နောက်ပြီးတော့ တရားရုံးလို့ခေါ်တဲ့ ရုံးတွေမှာ စစ်ဆေးတယ်ဆိုတဲ့ကိစ္စတွေ ဒါတွေအကုန်လုံးဟာ ဘာမှ တရားဝင်မှုမရှိဘူး”ဟုဦးနေဘုန်းလတ်ကပြောသည်။
အဆိုပါစာတွင် အာဏာသိမ်းသည့်နေ့တွင် သမ္မတ ဦးဝင်းမြင့်အား စစ်တပ်က ဖမ်းဆီးခြိမ်းခြောက်မှုဖြစ်ရပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဆုံးဖြတ်ချက်၊ ကြေညာ ချက်၊ ထုတ်ပြန်ချက်များ ဆောင်ရွက်ပါက လုပ်ဆောင်ရသည့် လုပ်ထုံးလုပ်နည်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ထွက်လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းသည့်နေ့ကတည်းကဖမ်းဆီးခံထားရသည့် သမ္မတ ဦးဝင်းမြင့်အား စစ်ကောင်စီဘက်က မေးမြန်းမှု ဆိုင်ရာ စာများ ရေးသားထားသည်။
သမ္မတဦးဝင်းမြင့်၏ထွက်ဆိုချက်ဆိုသည့်စာတွင် အာဏာသိမ်းသည့်နေ့တွင်စစ်သားများက သမ္မတကို ဖေဖော်ဝါရီ ၁ရက်မနက်အစောတွင်လာရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးစစ်ဗိုလ်ချုပ်၂ဦးကကျန်းမာရေးအကြောင်းပြကာ နှုတ်ထွက်ပေးရန် ပြောဆိုခဲ့မှုအပေါ် သမ္မတကနှုတ်ထွက်မပေးနိုင်ကြောင်းတုန့်ပြန်ခဲ့၍ပြန်စဉ်းစားရန်နှင့်ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိနိုင်ကြောင်းစစ်တပ်ဘက်ကခြိမ်းခြောက်ခဲ့ကြောင်းပါရှိသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့၏လုပ်ငန်းရည်ရွယ်ချက်များအောင်မြင်ရန်နှင့် တော်လှန်ရေးဘက်တော်သားများအား သွေးခွဲရန် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိရာ အချက်အလက် အမှန်အချို့ကို အသုံးပြု၍ ၎င်းတို့ ဝါဒဖြန့်လိုသည့်ကြောင်းအရာများ၊ သတင်းမှားများကို ရောထွေးပြီး ဝါဒဖြန့်လေ့ရှိကြောင်းနိုင်ငံရေးလေ့လာသူအချို့ကပြောသည်။
ယခုစာသည်စက်တင်ဘာ ၁၄ရက်တွင် NLD ပါတီက ပါတီဝင်များ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင်ပါဝင်ဆောင်ရွက်ခြင်း၊ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဥ်ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါက ပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည် ဖြစ် ကြောင်း အသိပေးသတင်းထုတ်ပြန်အပြီးနောက်ရက်တွင်ပေါ်ထွက်လာခြင်းဖြစ်သည်။
“ဒီတရားမဝင်အတုအယောင်ရွေးကောက်ပွဲမှာ ပါတီဝင်တွေအနေနဲ့ ပါဝင်ဆောင်ရွက်တယ်ဆိုရင် ပါတီ စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူသွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့တာရှိတယ်။ အဲဒီ ထုတ်ပြန်ချက် ထုတ်ပြန်တဲ့အချိန်နဲ့ တော့ဒီဥစ္စာက တိုက်ဆိုင်မှုရှိနေတဲ့သဘောတော့တွေ့ရပါတယ်ဗျ” ဟုလည်း ဦးနေဘုန်းလတ်က ပြောသည်။
NLDပါတီ၏ စက်တင်ဘာ ၁၄ရက်ထုတ်ပြန်ချက်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း ၁,၁၇၁ ရှိရာ ၁,၁၁၇ နယ် ကျင်းပနိုင်ခဲ့ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦး ရှိရာတွင် ပြည်သူ့ လွှတ်တော်၌ ၂၇,၅၁၂,၈၅၅ ဦး ၊အမျိုးသားလွှတ်တော်၌ ၂၇,၄၉၅,၅၅၅ ဦး ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၌ ၃၀,၄၅၉,၁၁၃ ဦး လာရောက်မဲပေးခဲ့ကြောင်း၊ ထို့ကြောင့် တနိုင်ငံလုံး ဆန္ဒမဲပေးမှု အနေဖြင့် ၇၁ ရာခိုင်နှုန်းကျော်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ်က မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်းအနိုင်ရရှိကာ လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရဟု ထပ်လောင်းအသိပေးသည်။
ထို့အပြင် မြန်မာပြည်သူတို့သည် ထိုအချိန်က ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်လျက်နှင့် မိမိတို့ဆန္ဒကို ရဲရင့် စွန့်စားဖော်ထုတ်ခဲ့ကြကြောင်း၊ နိုင်ငံတကာသံတမန်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက် အဖွဲအစည်းများကလည်း လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြကြောင်း၊ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ဖွဲစည်းထားပြီး တည်ဆဲဥပဒေအရ အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသောပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း၂၀၂၀အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်၍ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ကြောင်း အသိပေးထားသည်။
သို့ရာတွင် မင်းအောင်လှိုင်ဦးဆောင်သောစစ်တပ်သည် ပြည်သူလူထု၏ဆန္ဒကို လျစ်လျူရှုကာ ထိုစဥ်က တည်ဆဲဖွဲစည်းပုံအခြေခံဥပဒေကိုချိုးဖောက် အဓမ္မအာဏာလုယူပြီး နိုင်ငံတော်အစိုးရအဖွဲ့အကြီးအကဲများ၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ခေါင်းဆောင်များကို မတရားဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်၏အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံတကာနှင့် ပြည်သူလူထုကိုလှည့်စား၍ နိုင်ငံရေးတရားဝင်မှုရရန်ရည်ရွယ်ကာ အာဏာလုစစ်တပ်သည် ၄င်းတိုစိုးမိုးထိန်းချုပ်နိုင်သော နယ်မြေအနည်းငယ်မျှတွင် အတုအယောင်ရွေးကောက်ပွဲကိုကျင်းပရန် ကြံစည်နေ သည်ကို NLD အနေဖြင့် လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက် မည်မဟုတ်ကြောင်း ကြေညာချက်များထုတ်ပြန်ကာ ပြည်သူလူထုနှင့် နိုင်ငံတကာကို အသိပေးထားပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။


















































