စက်တင်ဘာ-၂၆၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်မြို့မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည်သူတွေ စည်ကားနေသယောင် ဖန်တီးဖို့အတွက် သီတင်းကျွတ်ပွဲတော်တွေပြုလုပ်ဖို့ စစ်ကောင်စီအဖွဲ့က အတင်းအကြပ်စီစဉ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ အေးချမ်းနေသယောင်ပြသဖို့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဆောင်နေတာလို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
“လာမယ့် သီတင်းကျွတ်ကနေ ဒီဇင်ဘာအထိ ပျော်ပွဲရွှင်ပွဲတွေ မပျက်ဖို့ ညွှန်ကြားထားပါတယ်။ အခု ပြည်သူ့ရင်ပြင်မှာ ဆိုရင်လည်း မီးပုံးတွေ၊ စတိတ်စင်တွေ ဆောက်နေတယ်။ ဒါက သီတင်းကျွတ်ပွဲတင် မဟုတ်ဘူး။ သီတင်းကျွတ်ပြီးရင်လည်း စျေးပွဲတော်တွေပါ တောက်လျှောက်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
ပွဲလမ်းသဘင်တွေ လုပ်ဖို့ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို မှာကြားထားပြီး ပွဲရဲ့ကုန်ကျစရိတ်တွေကို ပြည်သူတွေဆီက မတရားသဖြင့် ကောက်ခံနေကြောင်းလည်း ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်ကပဲ ရပ်ကွက်အုပ်ကြီးက အိမ်ကို သီတင်းကျွတ်အတွက် အလှူငွေ ဆိုပြီး လာကောက်သွားတယ်။ အရင်က ကိုယ်တတ်နိုင်သလောက် ထည့်လို့ရတယ်။ အခုက တစ်အိမ်ကို ၃ သောင်း၊ ၅ သောင်း ဆိုပြီး လူဦးရေ အရေအတွက်နဲ့ ကောက်သွားတယ်။ ဘာမှလည်း မဆိုင်ဘူး။ ကျွန်းတောလမ်းပွဲစျေးရက်ကဆို အိမ်နားမှာ ရှုပ်ယှက်ခတ်နေပြီး ကားစီးရတာ၊အိမ်ပြန်ရတာလည်း ခက်တယ်။ နားတွေအရမ်းညည်းပါတယ်”လို့ စမ်းချောင်းမြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ပွဲစျေးအနီးအနားက စျေးဆိုင်တွေကိုလည်း ဆိုင်ခန်းခ ဆိုပြီး မဖြစ်မနေ ထပ်မံထည့်ဝင်ရကြောင်း ကျွန်းတောလမ်းနေ ဆိုင်ခန်းရှင်တဦးက ပြောပါတယ်။
“ကျွန်တော်တို့က အရင်ထဲက ဒီလမ်းပေါ်မှာ စားသောက်ဆိုင်လေးဖွင့်ထားတာပါ။ အခုကပွဲစျေး ဆိုင်ခန်းခ ဆိုပြီး တစ်ရက်ကို သုံးသောင်းထပ်ကောက်တယ်။ ဒီနားက ဆိုင်တွေက ပွဲစျေးမှ ရောင်းတာလည်း မဟုတ်ဘူးလေ။ အဲ့တာကို အတင်းအကြပ်လိုက်ကောက်တော့ မပေးချင်လည်း ပေးရတယ်။ ပွဲစျေးမှာ ဆိုင်က ပိုလည်းမရောင်းရပါဘူး။ ပုံမှန်အတိုင်းပါပဲ။ လူတောင်ပိုရှုပ်သေးတယ်” လို့ ကျွန်းတောလမ်းပေါ်က ဆိုင်ခန်းရှင်တဦးက ပြောပါတယ်။
စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းစျေးပွဲတော်ကို စက်တင်ဘာ ၁၅ ရက်က ၂၀ ရက်အထိ ပြုလုပ်ခဲ့ပြီး လာမယ့် အောက်တိုဘာလဆန်း သီတင်းကျွတ်ပိတ်ရက်တွေမှာလည်း ပုဇွန်တောင် ရေကျော်ပွဲစျေး၊ လမ်းမတော်ပွဲစျေး အပါအဝင် မြို့နယ်အနှံ့မှာ ပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေကြောင်းလည်း အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတဦးက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီက စည်ကားသယောင် ဖန်တီးနေတဲ့ ပျော်ပွဲရွှင်ပွဲတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။
၂၀၂၅ ဒီဇင်ဘာမှာ အာဏာသိမ်းစစ်ကောင်စီက အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပြီး ရန်ကုန်မြို့က မြို့နယ် ၁၂ ခုမှာ ရွေးကောက်ပွဲပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


















































