Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်အဆက်ဆက်ချေမှုန်းဖျက်ဆီးပေမယ့် ပြည်သူရှိနေသရွေ့ ပါတီဆက်ရှိမယ်လို့ NLD ကြေညာ

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နောက်တကြိမ် လွတ်လပ်မျှတမှုရှိတဲ့ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာတဲ့ အချိန်အထိ တရားဝင်တည်ရှိနေမယ်လို့ ထုတ်ပြန်

၂၀၂၀ ရွေး ကောက်ပွဲအကြိုကာလတွင် NLD ပါတီ ထောက်ခံသူများကို တွေ့ရစဥ်။ ဓါတ်ပုံ-Getty Images

စက်တင်ဘာ-၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ ပြည်သူများထဲကပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီဖြစ်တာကြောင့် အာဏာရှင်အဆက်ဆက်တို့ရဲ့ မလိုမုန်းတီးစိတ်ထားနဲ့ ဘယ်လို တိုက်ခိုက်ချေမှုန်းဖျက်ဆီးနေပေမယ့် ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့ NLDပါတီက စက်တင်ဘာ ၂၇ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

NLDပါတီဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှ မွေးဖွားခဲ့တာဖြစ်ပြီး ဒီနေ့မှာ ပါတီ တည်ထောင်တာ ၃၇ နှစ်ပြည်မြောက်ပြီလို့ အသိပေးကာ အထက်ပါအတိုင်း ပြည်သူရှိသရွေ့ ပါတီရှိနေမယ်လို့ ကြေညာခဲ့တာပါ။

” ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူခေါင်းဆောင် အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတကြီးဦးဝင်းမြင့်၊ ပါတီရဲ့ အဖွဲ့ဝင်ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ ပါတီကို အားပေး ဝန်းရံပေးကြတဲ့ ပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးမှုတွေ၊ တရားမျှတမှုမရှိတဲ့ ဥပဒေတွေကို ဖန်တီးပြီးတော့ ဖိနှိပ်အုပ်ချုပ်နေမှုတွေကိုခံစားနေရပါတယ်။ ပြည်သူတွေအားလုံးကလည်း ဒီကနေ့အဲဒီလိုခံစားနေရဆဲဖြစ်ပါတယ်။ ဒီလို မတရားမှုတွေကို တော်လှန်တိုက်ပွဲဝင်ဖို့ ပုံစံအမျိုးမျိုး၊ နည်းလမ်း အသွယ်သွယ်နဲ့ အသက်တွေ ဘ၀တွေ ခန္ဓာကိုယ်တွေ ပေးဆပ်ပြီး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်” လို့ NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က ပါတီ နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားခဲ့ကြတဲ့ အာဇာနည်တွေရဲ့ အိပ်မက်တွေကို ဆက်လက်ပုံဖော် တည်ဆောက် သွားကြဖို့ ရှင်သန်ကျန်ရစ်နေတဲ့သူ တဦးချင်းစီရဲ့ တာဝန်လည်းဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပါတီရဲ့ ကြေညာချက်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ် အာဏာသိမ်းပြီးကတည်းက ဖမ်းထားတဲ့ ပါတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတာမသိရသေးဘူးလို့ အသိပေးဖော်ပြထားပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရသောသတင်းများ ထွက်ပေါ်လာ၍ ပါတီ အနေဖြင့်လည်း အထူးစိုးရိမ်ပူပန်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

” စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော တွေ့ဆုံဆွေးနွေးမှုများသည် ပြေလည်မှုမရရှိနိုင်သောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဥ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပမိတ်ဖက်အင်အားစုများက ဆက်လက်ကြိုးပမ်းအားထုတ်ပေးပါရန်နှင့် မိမိတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အားလုံးနှင့်အတူ ထိရောက်သွေးစည်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်” လို့ NLD ပါတီက ထုတ်ပြန်ပါတယ်။

NLDပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်တာကြောင့် ပြည်သူ့ဆန္ဒနဲ့ အညီဖြစ်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ဟာ နောက်တကြိမ်ကျင်းပမယ့် လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲရလဒ် ပေါ်ထွက် လာချိန်အထိ တရားဝင်တည်ရှိနေမယ်လို့လည်း NLDပါတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်တပ်ကလည်း ရွေးကောက်ပွဲ ကျင်းပဖို့လုပ်ဆောင်နေတာဟာ အာဏာသိမ်းပြီး ပေါ်လာတဲ့ ပြဿနာ အရပ်ရပ်ကြောင့် နိုင်ငံတကာနဲ့ ပြည်သူကို ထပ်မံ လှည့်စားဖို့ နိုင်ငံရေး တရားဝင်မှု ရဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း NLDက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုနဲ့ တရားမျှတမှု လည်းရှိမှာ မဟုတ်တာကြောင့် လက်မခံ၊ အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း NLDက ထပ်လောင်း အသိပေးခဲ့ပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ အကောင်အထည်မပေါ်လာဖို့ မိတ်ဖက်အင်အားစုများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာအရပ်ရပ်ကို ပြေလည်စေရေးဖို့ အာဆီယံအပါအဝင် အိမ်နီးချင်း နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း NLDက ဖော်ပြခဲ့ပြီး နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို လတ်တလောပြေလည်စေရေးအတွက်သာ မဟုတ်ဘဲ ပြဿနာအရင်းအမြစ်ကို သိရှိရန် လိုအပ်ပြီး အတုအယောင်ရွေးကောက်ပွဲအပါအဝင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို အထောက်အကူဖြစ်စေမယ့် ကိစ္စရပ်တွေ ရှောင်ရှားဖို့ ပြည်သူလူထု ဆန္ဒအပေါ် အခြေခံ စဉ်းစားဆောင်ရွက်ဖို့ NLDက ဖော်ပြခဲ့ပြီး အဲဒီလို စဉ်းစားဆောင်ရွက်မှသာ ရေရှည်ခိုင်မာသော တည်ငြိမ်အေးချမ်းမှုကို ရမယ်လို့ အသိပေးပါတယ်။

NLD ပါတီဟာ ၂၀၂၀ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ မှာ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရိခဲ့တဲ့ ပါတီဖြစ်ပါတယ်။နိုင်ငံတဝန်း မဲဆန္ဒနယ် ၁၁၇၁ခုမှာ NLDက ၉၂၀ ဦးရွေးချယ်တင်မြောက်ခံခဲ့ရတာပါ။

ဆက်စပ်သတင်းများ

အတွေးအမြင်

နိုင်ငံတကာက တီဗီဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်တဲ့အခါ ရယ်စရာ ပြက်လုံးတွေရဲ့ နောက်ကွယ်ကနေ နိုင်ငံရေးနဲ့ လူမှုပတ်ဝန်းကျင်ကို ထက်ထက်မြက်မြက် ဝေဖန်တတ်တဲ့ လူတစ်ယောက်ကို သတိထားမိကြမှာပါ။ သူကတော့ တခြားလူမဟုတ်ပါဘူး၊ CBS ရုပ်သံလိုင်းရဲ့ Late-Night Show အစီအစဉ်ကို ဦးဆောင်နေတဲ့ ကမ္ဘာကျော် ဟာသသရော်စာပညာရှင် 'Stephen...

အတွေးအမြင်

မြန်မာပြည်မှာ အာဏာရှင်တွေဟာ သူတို့ဟာ ဘုန်းကံရှင်တွေ မင်းကောင်းမင်းမြတ်တွေ အဖြစ် အများပြည်သူတွေ ထင်လာအောင် လုပ်တဲ့နည်းအချို့ ရှိပါတယ်။

အတွေးအမြင်

၁၉၃၀ ခုနှစ်တွေဟာကမ္ဘာ့နိုင်ငံရေးကိုတိမ်ညိုတိမ်မဲတွေလွှမ်းခြုံလာတဲ့အချိန်ပါ။ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့နာဇီ နဲ့ ဖက်ဆစ်ဝါဒတွေခေါင်းထောင်လာတဲ့အချိန်ပေါ့။

နိုင်ငံတကာ

လက်တစ်ဆုပ်စာလောက် အာဏာရှင် တစ်စုက ကမ္ဘာကြီးကို ဒုက္ခပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့ပါတယ်။