စက်တင်ဘာ−၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်း ခေါ် မာခူးအီချစ်ထွန်း ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဗဟိုကော်မတီဝင် တဦးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုဝန်ကြီး ဦးချစ်ထွန်းဟာ စက်တင်ဘာ ၂၅ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။
ဒုဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်မှုအပေါ် ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာနကလည်း မှတ်တမ်းလွှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
ဦးချစ်ထွန်းဟာ ကရင်နီ ပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)ရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ဆက်ဆံရေး တာဝန်တွေ ထမ်းဆောင်ခဲ့သလို ၂၀၂၁ ဧပြီ ၁၆ရက်ကစပြီး ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာလို့ ဆိုပါတယ်။
“တော်လှန်ရေးမိတ်ဆွေကြီး၏ ဆောလျင်စွာ ချန်ရစ်ခဲ့သော မပြီးဆုံးသေးသည့် တော်လှန်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ် အနာဂတ်ကာလအတွက် ကျွန်ုပ်တို့သည် ဝမ်းနည်းခြင်းမှ သည် ပြည်ထောင်စု၏ပန်းတိုင်ရောက်သည့်တိုင်၊ ကျွန်ုပ်တို့ မျှော်ရည်သည့် ပြည်နယ်အားပြု ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ ဆက်လက်အားထုတ် ကြိုးပမ်းဆောင်ရွက်သွားကြ မည်ဟု တော်လှန်ကတိ၊ တော်လှန်သစ္စာပြုအပ်ပါသည်” လို့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ရဲ့ ဝမ်းနည်းမှတ်တမ်းလွှာမှာ ဖော်ပြပါတယ်။
ကရင်နီ လူမျိုး ဦးချစ်ထွန်းဟာ ၁၉၇၂မှာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၉၂မှာ KNPLFသို့ ဝင်ရောက်ခဲ့ပြီး ၂၀၂၁ညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံရပါတယ်။
ဦးချစ်ထွန်းဟာ မကွယ်လွန်ခင် အမျိုးသားညီညွတ်ရေးအစိုးရ သတင်းပြန်ကြားရေးဌာန PVTV နဲ့ မေးမြန်းခန်းမှာ အာဏာရှင်အဆက်ဆက် လုပ်ဆောင်နေတဲ့ သွေးခွဲမှုဖြစ်တဲ့ အမျိုးသားရေးနဲ့ပတ်သတ်တဲ့ ကျဉ်းမြောင်းတဲ့အမြင်တွေရှိနေရင် တော်လှန်ရေးနှောင့်နှေးမှု ကြန့်ကြာမှု ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ကျဉ်းမြောင်းတဲ့အမျိုးသားရေးစိတ်ဓာတ်ဖယ်ထားနိုင်မှ ပြည်သူတရပ်လုံးအတွက် ဖက်ဒရယ်ပြည်ထောင်စုအတွက် လုပ်ငန်းတွေ ဆောင်ရွက်သွားနိုင်မယ်လို့ ဦးချစ်ထွန်းက ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ အမြင် ကျနော်တို့ ခံယူချက်ကတော့ ကျနော်တို့ အဖွဲ့အစည်းပဲ ဖြစ်ဖြစ်ပေါ့နော် အဲဒါ တနိုင်ငံလုံးတော်လှန်ရေးဖြစ်တယ် တနိုင်ငံလုံးရဲ့ နိုင်ငံရေးကိစ္စဖြစ်တဲ့အခါကျတော့ တနေရာပြီးတနေရာ ပြီးသွားရင်တော့ အားလုံးဆက်လက်ပြီးတော့စစ်အာဏာရှင်ကင်းစင်တဲ့ နိုင်ငံတနိုင်ငံ ရောက်တဲ့အထိ တနိုင်ငံလုံး လွှမ်းခြုံဖို့ ဝိုင်းဝန်းပြီး အတူတိုက်ခိုက်သွားမှာဖြစ်ပါတယ်” လို့ ဒုဝန်ကြီးဦးချစ်ထွန်းက ပြောပါတယ်။
တော်လှန်ရေးအောင်ပွဲအမြန်ရရှိဖို့ စစ်ရေးနိုင်ငံရေးတွဲသွားတက်ရန်လိုအပ်သကဲ့သို့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊ ကျဉ်းမြောင်းတဲ့အမျိုးသားစိတ်ဓာတ်များ ပယ်သတ်နိုင်ဖို့ လိုအပ်တယ်လို့ ဒုဝန်ကြီး ဦးချစ်ထွန်းက ပြောကြားခဲ့ပါတယ်။


















































