Connect with us

Hi, what are you looking for?

သတင်း

စစ်သားစုဆောင်းထားသူတွေကို စစ်ကောင်စီက လူသားဒိုင်းသဖွယ် သုံးနေတာမို့ ရတဲ့နည်းနဲ့ တော်လှန်ရေး အင်အားစုတွေဆီ ပူးပေါင်းဖို့ NUG တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို လူသားဒိုင်းသဖွယ် ရှေ့တန်းမှာ အသေခံခိုင်းနေသလို ဖမ်းမိ စစ်ကောင်စီ သုံ့ပန်းတွေဟာဆိုရင်လည်း အသိစိတ်ကင်းမဲ့တဲ့အထိ မူးယစ်ဆေးဝါး သုံးစွဲထားကြသူတွေ ပါဝင်နေတာ တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

အောက်တိုဘာ-၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို လူသားဒိုင်းသဖွယ် ရှေ့တန်းမှာ အသေခံခိုင်းနေသလို ဖမ်းမိ စစ်ကောင်စီ သုံ့ပန်းတွေဟာဆိုရင်လည်း အသိစိတ်ကင်းမဲ့တဲ့အထိ မူးယစ်ဆေးဝါး သုံးစွဲထားကြသူတွေ ပါဝင်နေတာ တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

“ဒါကြောင့် အဓမ္မ စစ်သားစုဆောင်းခံကြရသူတွေအနေနဲ့ မူးယစ်ဆေးစွဲပြီး ရှေ့တန်းမှာ အသက်အသေခံကြရတဲ့အထိ မမိုက်မဲဘဲ ရရာနည်းနဲ့ တော်လှန်ရေးအင်အားစုတွေဆီ ပူးပေါင်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကား ပြောကြားတဲ့ အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ ၁ရက်မှာ ပြုလုပ်ခဲ့ရာ ဦးနေဘုန်းလတ်က လတ်တလော တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို အခုလို ထည့်သွင်း ပြောကြားခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်တွေ ပြည်သူ့ဘက် ပူးပေါင်းလာဖို့ ထပ်မံ တိုက်တွန်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

ကချင်၊ ကရင်နဲ့ ရက္ခိုင် အပါအဝင် တော်လှန်ရေးအင်အားစုတွေဆီကို အလင်းဝင်ကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပမ်းတွေရဲ့ ထွက်ဆိုချက်မှာလည်း စစ်ကောင်စီတပ်ဟာ စစ်မှုထမ်း တပ်သားသစ်တွေကို ရှေ့တန်းစစ်မြေပြင်မှာ အသေခံ တိုက်ခိုက်နေတာ၊ စစ်ကောင်စီ အရာရှိတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေ မူးယစ်ဆေးသုံး စစ်တိုက်နေတာ တွေရှိတယ်လို့ ပြောကြားခဲ့ကြပါတယ်။

ဦးနေဘုန်းလတ်ရဲ့ သတင်းစကား ပြောကြားမှု အစီအစဉ်မှာ ဗန်းမောက် တိုက်ပွဲ အောင်မြင်မှု နဲ့ပတ်သက်ပြီးလည်း ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝိုင်းပတ်ထိန်းချုပ်ထားတဲ့မြို့တွေထဲကမှ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲဦးဆောင်မှုနဲ့ စက်တင်ဘာလ (၁၅) ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ (၂၀) ရက်နေ့မှာ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့တာပါ။

“ဒီတိုက်ပွဲမှာ မိမိတို့ရဲ့ အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်အပေါင်းကို အထူးဂုဏ်ပြုကြောင်းပြောလိုပါတယ်။ မြင့်မြတ်စွာကျဆုံးခဲ့တဲ့ ရဲဘော် (၆) ဦးကိုလည်း လေးမြတ်စွာနဲ့ ဦးညွတ်အလေးပြုပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ရဲဘော်များလည်း အမြန်ဆုံးသက်သာ ပျောက်ကင်းကြစေဖို့ မေတ္တာပို့သလိုက်ပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲသာမက နိုင်ငံအနှံ့က တိုက်ပွဲပေါင်းများစွာမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ဖွဲ့ဝင်တွေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး ရဲ့ ရဲစွမ်းသတ္တိနဲ့ တိုက်ခိုက်ရေးစွမ်းရည်တို့ကိုလည်း သိမှတ်ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာ့မြေမှာ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အသက်၊ ခန္ဓာ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွတ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်း အပေါင်းတို့ရဲ့ ကျေးဇူးဂုဏ်ကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အလေးအမြတ်ထား သိမှတ်ဦးညွှတ်ကြောင်း ဦးနေဘုန်းလတ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ တွေဟာလည်း ကျရာနေရာကနေ ပူးပေါင်းပါဝင် တိုက်ပွဲဆင်ခဲ့ကြသလို အခြားသော စစ်ဆင်ရေး တွေကိုလည်း ဟန်ချက်ညီဖော်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ