အောက်တိုဘာ ၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်စာပြုခွင့်ကို ဆက်လက်ထောက်ခံပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဦးနေဘုန်းလတ်ကပြည်သူလူထုနဲ့ နိုင်ငံတကာသို့သတင်းစကားပြောကြားတဲ့ အစီအစဉ် ဒီကနေ့ ပြုလုပ်ခဲ့တာမှာ အခုလို မေတ္တာ ရပ်ခံခဲ့တာပါ။
ဦးကျော်မိုးထွန်းရဲ့ Credentials Challenge အတွက် ဝိုင်းဝန်းတောင်းဆိုနေကြတဲ့ပြည်တွင်း၊ပြည်ပကပြည်သူလူထုတရပ်လုံးကိုအထူးကျေးဇူး တင်ကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement
“ကုလသမဂ္ဂလိုနေရာမှာလူထုထောက်ခံတဲ့သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာနိုင်ငံကိုကိုယ်စားပြုရှိနေခြင်းဟာမြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူလူထုအတွက် အလွန်အရေးကြီးလှပါတယ်။ မြန်မာနိုင်ငံရဲ့ အဖြစ်အပျက် အမှန်တွေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကိုယခုအတိုင်း ဆက်လက်ကြားသိနေစေဖို့အတွက်သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့ကိုယ်စားပြုခွင့်ကို ဆက်လက်ထောက်ခံပေးကြဖို့လည်း Credential Committee ဝင် နိုင်ငံများကို မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုကို လက်နက်တွေ၊ လေယာဉ်လောင်စာတွေနဲ့ စစ်ဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေပေးပို့နေတဲ့ နိုင်ငံအသီးသီးကို ဖိအားပေးပြီး ပံ့ပိုးမှုတွေ အမြန်ဆုံး ရပ်တန့်စေဖို့၊ စစ်အုပ်စုကကြိုတင်ပြင်ဆင်နေတဲ့တရားဝင်မှု မရှိတဲ့ အတုအယောင်ရွေးကောက်ပွဲ (sham elections)ကိုတားဆီးပယ်ဖျက်ဖို့စတဲ့အချက်တွေပါတဲ့ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM)တို့ထုတ်ပြန်တဲ့ နိုင်ငံတကာကို တောင်းဆိုတဲ့ အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ကြိုဆိုပြီး ထောက်ခံအားပေးကြောင်းပြောကြားခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်မှုမရှိစေဘဲ ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရမယ်ဆိုတဲ့ IIMM ရဲ့ ကြိုးပမ်းအားထုတ်ပေးမှုကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကိုယ်စားပြုတဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အပြည့်အဝ ထောက်ခံတယ်လို့ ဦးနေဘုန်းလတ်က ပြောကြားခဲ့ပါတယ်။
” အကြမ်းဖက်စစ်အုပ်စု လေတပ်၏ အမိန့်ကွပ်ကဲမှု အဆင့်ဆင့် အထောက်အထား အချက်အလက်များကို စုဆောင်းနေသည်” လို့ IIMM က အတည်ပြု ပေးထားတာကိုလည်း ကျေးဇူးတင်ကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာရွေးကောက်ပွဲအကူအညီပေးရေးနဲ့လေ့လာရေးအဖွဲ့တွေဖြစ်တဲ့ International IDEA, လွတ်လပ်တဲ့ ရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ယက် ANFREL နဲ့ ကလပ်ဒီမတ်ဒရစ်အသင်း (Club de Madrid) တို့က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ တရားဥပဒေနဲ့မညီတဲ့ အမည်ခံ အတုအယောင်ရွေး ကောက်ပွဲဖြစ်ကြောင်းပူးတွဲထုတ်ပြန်ကြေညာချက်ကို စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံ အားပေးနေကြတဲ့ နိုင်ငံကြီးတွေနဲ့ လေ့လာမယ်ဆိုတဲ့ နိုင်ငံတွေအနေနဲ့ အထူးသတိပြုစေလိုကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။
အဲဒီပူးတွဲကြေညာချက်မှာ စစ်အုပ်စုဟာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားတဲ့အစိုးရနဲ့ လွှတ်တော်ကို မတရား အာဏာသိမ်းယူခဲ့တာ၊ ပြည်သူလူထုအပေါ်အကြမ်းဖက်မှု အမြောက် အများပြုလုပ်တာ၊ အတိုက်အခံနိုင်ငံရေးပါတီတွေအပေါ် ပြင်းထန် ဖိနှိပ်တဲ့ ဥပဒေတွေ ပြဌာန်းတာ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာ၊ သတင်းမီဒီယာတွေအပေါ် ပြင်းပြင်း ထန်ထန် ကန့်သတ်တားမြစ်တာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်တာ၊ မဲစာရင်း အတွက် သန်းခေါင်စာရင်း အချက် အလက်တွေဟာ ယုံကြည်ဖွယ်မရှိတာနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ စံချိန် စံနှုန်းတွေကို ချိုးဖောက်နေတာ စတာတွေကြောင့် စစ်အုပ်စု ကြိုပမ်းနေတဲ့ ရွေးကောက်ပွဲဟာ အမည်ခံ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ ဖော်ပြထားတာပါ။


















































