အောက်တိုဘာ-၁၊ ၂၀၂၅။ People’s Spring
အမေရိကန်အစိုးရရဲ့ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးတဲ့ ကြားကာလ(lapse in appropriations)မှာ ပုံမှန်လုပ်ငန်းဆောင်တာတွေအပြည့်အဝ မဆောင်ရွက်နိုင်သေးဘူးလို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီလို မဆောင်ရွက်သေးတဲ့အတွက်ကြောင့် ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလက်တွေက လွဲလို့ သံရုံးရဲ့ Facebook အကောင့်မှာ အကြောင်းအရာအသစ်တွေ ထပ်မံတင်မှာမဟုတ်ဘူးလို့ အသိပေးပါတယ်။
အခုလို ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးတဲ့ ကြားကာလအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ပြည်ပရှိ အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေမှာ ရက်ချိန်းယူထားတဲ့ နိုင်ငံကူးလက်မှတ် (passport)နဲ့ ဗီဇာ (visa) ဝန်ဆောင်မှုတွေကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Public Service Announcement
သံရုံးရဲ့ ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေဆိုင်ရာ အချက်အလက်တွေအတွက် travel.state.gov မှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ ဖော်ပြပါတယ်။
အမေရိကန်လွှတ်တော်မှာ နောက်ဆုံးမိနစ်ပိုင်းထိ အရေးပေါ် ညှိနှိုင်းမှုတွေ မအောင်မြင်တော့တဲ့နောက် အမေရိကန် ဖက်ဒရယ် အစိုးရ ယန္တရားတွေဟာ ဒီနေ့မှာ စတင်ရပ်တန့်ပြီး shutdown ဖြစ်သွားခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းကလည်း ၂၀၁၈ နှစ်ဆန်းပိုင်းမှာ ၃ ရက်ကြာ၊ ၂၀၁၈ နှစ်ကုန်ကနေ ၂၀၁၉ နှစ်ဆန်းပိုင်းထိ ၃၅ ရက်ကြာ အစိုးရ shutdown ကြုံခဲ့ဖူးပြီး ဖက်ဒရယ် အစိုးရ အေဂျင်စီတွေ ရပ်နားခဲ့ရပါတယ်။ ဒါကြောင့် အခုတစ်ကြိမ်ဟာ ထရမ့် သမ္မတအဖြစ် တာဝန်ယူတဲ့ ကာလအတွင်း တတိယမြောက် အစိုးရ shutdown အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အမေရိကန်မှာ သမ္မတ ရော်နယ်လ်ရေဂင် လက်ထက်ကလည်း shutdown ၃ ကြိမ် ကြုံဖူးပေမယ့် တစ်ကြိမ်က ၁ ရက်ပဲ ကြာခဲ့ပြီး ကျန်တဲ့ ၂ ကြိမ်ကတော့ နာရီပိုင်း အတွင်းမှာတင် ပြေလည်အောင် ပြန်ဖြေရှင်းနိုင်ခဲ့ကြပါတယ်။


















































