■အမေရိကန် စစ်တပ်ဆိုတာကမ္ဘာပေါ်မှာ အထက်မြက်ဆုံး၊ဩဇာအကြီးမားဆုံးအဖြစ်ဆက်လက် အဓွန့်ရှည်နေအောင် ထိန်းသိမ်းထားဖို့ ဖြစ်တယ်လို့လည်းပြောကြား
အောက်တိုဘာ – ၁၊၂၀၂၅။People’s Spring
ကမ္ဘာအနှံ့မှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်ဦးစီး အရာရှိကြီးတွေနဲ့ စုဝေး တွေ့ဆုံချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူနဲ့ သဘောထား မတူတဲ့သူတွေဟာ ရာထူးက ဖယ်ရှားခံရလိမ့်မယ် ဆိုတာမျိုး ထည့်သွင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က အမေရိကန် သမ္မတ၊ ကာကွယ်ရေး ဝန်ကြီးတို့ ကြီးမှူးပြီး ကမ္ဘာအနှံ့က အမေရိကန် စစ်ဦးစီး အရာရှိတွေကို ခေါ်ယူတွေ့ဆုံတာမျိုးဟာ ရှားပါးတဲ့ အစည်းအဝေး ပုံစံတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ အခမ်းအနားကို အမေရိကန် စစ်ဗိုလ်ချုပ်တွေ၊ သေနာပတိတွေ ရာနဲ့ချီ စုဝေး တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement
ဗာဂျီးနီးယားပြည်နယ်ရဲ့ ကွန်တီကိုမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ထရမ့်က သူပြောတာတွေကို မကြိုက်ရင် အခန်းထဲက ထွက်သွားခွင့်ရှိကြောင်း၊ သတိထားရမှာက အဲဒီလို ထွက်သွားတဲ့ အချိန်မှာပဲ ကိုယ်ပိုင်ဆိုင်ထားတဲ့ ရာထူးနဲ့ အနာဂတ်တွေကိုလည်း ချန်ထားရစ်ခဲ့ရမယ် ဆိုတာကို သိထားသင့်ကြောင်း၊ ကိုယ့်အတွက် စိတ်ဖြေသိမ့်စရာလေးလောက် ဖြစ်မယ် ထင်ရင်တော့ လုပ်ချင်လည်း လုပ်လို့ရကြောင်း ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ၇၂ မိနစ်ကြာ မိန့်ခွန်းထဲမှာ ထရမ့်က လူမျိုးရေး ခွဲခြားမှုနဲ့ ငြိစွန်းတဲ့ စကားအသုံးအနှုန်းမျိုးနဲ့ အရွှန်းဖောက်ခဲ့ပါသေးတယ်။ သူက နျူကလီးယား လက်နက်တွေကို N-wordတွေလို့ ခေါ်လေ့ရှိကြောင်း၊ N-wordက နှစ်မျိုးရှိပြီး ဘာကိုမှတော့ ထုတ်မသုံးသင့်ကြောင်း သူက ပြောပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေ၊ သေနာပတိတွေကတော့ မျက်နှာတည်တည်နဲ့ပဲ နားထောင်နေခဲ့ကြပါတယ်။
ထရမ့်က ပြည်တွင်းမှာ သူ့ရဲ့ အစီအမံတွေကို ဆန့်ကျင်ဝေဖန်တဲ့ လူထု အုံကြွမှုတွေကိုလည်း အတွင်းပိုင်းက ရန်သူတွေလို့ စွပ်စွဲသွားပြီး အဲဒီလုပ်ရပ်တွေကို ဖြိုခွင်းဖို့ တပ်အင်အားကို အသုံးချသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်က မြို့ကြီးတချို့မှာ ထရမ့်ရဲ့ တိုက်ရိုက် အမိန့်နဲ့ စစ်တပ်တွေ ဖြန့်ကျက်ခဲ့တဲ့ ဖြစ်စဉ်တွေ အပြီးမှာ ထရမ့်က အခုလို ပြောကြားခဲ့တာပါ။ အတွင်းဖက်က ရန်သူကို ထိန်းမနိုင် သိမ်းမရ အဆင့်မရောက်ခင်မှာ ထိန်းသိမ်းကိုင်တွယ်နိုင်ရေးကို အစည်းအဝေး တက်လာတဲ့ ပုဂ္ဂိုလ် အသီးသီးက အလေးထား တွေးတောထားဖို့လိုကြောင်း ထရမ့်က သတိပေးသွားပါတယ်။
သူက ကာကွယ်ရေး ဝန်ကြီးဌာနကို သူ့သဘောအတိုင်း စစ်ဝန်ကြီး ဌာနလို့ အမည်ပြောင်းလဲ ခေါ်ဆိုစေတာနဲ့ ပတ်သက်ပြီး လူကြိုက်များတဲ့ ဆုံး
ဖြတ်ချက်တစ်ခု၊ အမေရိကန် စစ်တပ်ရဲ့ ရည်ရွယ်ချက်၊ သရုပ်သကန်နဲ့ဂုဏ်ကျက်သရေတွေကို ထင်ဟပ်စေမယ့်အရွေ့တစ်ခုလို့လည်းညွှန်းဆိုခဲ့ပါတယ်။
ထရမ့်က ၂၀၂၆ ခုနှစ်ကျရင် အမေရိကန်ရဲ့ ကာကွယ်ရေး ဘတ်ဂျတ်ကို ၁ ထရီလီယံထိ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။ အဲဒီ အစည်းအဝေးအပြီး နောက်တစ်နေ့မှာပဲ အမေရိကန် အစိုးရဟာ ဘတ်ဂျတ် အစီအမံသစ်အတွက် ညှိနှိုင်းမှု အဆင်မပြေလို့ အုပ်ချုပ်ရေး ယန္တရား ဆိုင်းငံ့ပြီး shutdown ချထားရပါတယ်။
အမေရိကန် စစ်တပ် ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တွေကို ဦးဆောင်မှု ပေးနေရတဲ့သူတွေ အနေနဲ့ အမြဲတမ်း ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားရမှာက အမေရိကန် စစ်တပ်ဆိုတာ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး၊ ဩဇာ အကြီးမားဆုံး အဖြစ် ဆက်လက် အဓွန့်ရှည်နေအောင် ထိန်းသိမ်းထားဖို့ ဖြစ်တယ်လို့လည်း ထရမ့်က ကြုံးဝါးသွားပါတယ်။
ထရမ့် မတိုင်ခင် မိန့်ခွန်းစပြောတဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်က သူ့အထက်အရာရှိရဲ့ လေသံနဲ့ တူညီစွာပဲ သူပေးမယ့် သတင်းစကားတွေကို မကျေနပ်တဲ့ ဘယ်သူမဆို နုတ်ထွက်နိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
သူက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီး အဲဒီအတွက် အရာရာ ပြန်လည် မွမ်းမံ ပြင်ဆင်ရမယ်လို့လည်း ပြောပါတယ်။ သူက စစ်ဗိုလ်ချုပ်တွေ၊ သေနာပတိတွေထဲမှာ ဝတုတ်ပြီး အဆီတက်နေတဲ့သူတွေကို ဝေဖန် ထိုးနှက်ခဲ့ပါတယ်။
ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အဆိုအရ ပြောင်းလဲသတ်မှတ်မယ့် လုပ်ထုံးလုပ်နည်း အစီအမံတွေထဲမှာတော့ စစ်သည်တွေ၊ အရာရှိတွေရဲ့ ကြံ့ခိုင်မှု ဆန်းစစ်ချက်တွေကို ပိုမို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။ စစ်သားတွေဟာ တစ်နှစ်ကို နှစ်ကြိမ် ခန္ဓာကိုယ် ကြံ့ခိုင်မှု တိုင်းတာစစ်ဆေးတာ ခံရမှာပါ။
နောက်ပြီး တိုက်ခိုက်ရေးကို တာဝန်ယူရတဲ့ ခြေလျင်တပ်တွေ၊ တင့်ကားတပ်တွေမှာ တာဝန်ထမ်းဆောင်မယ့် စစ်မှုထမ်းတိုင်း အမျိုးသား အမျိုးသမီး အားလုံးဟာ အမျိုးသားတွေအတွက် သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း အကြမ်းပတမ်း စစ်ဆေးမှုတွေ ခံယူရမယ်လို့ ဟက်ဂ်ဆက်သ်က ဆိုပါတယ်။
နောက်ပြီး အဲဒီတပ်ဖွဲ့ဝင်တွေဟာ တစ်နှစ်တစ်ကြိမ် စစ်ပွဲအတွက် အသင့်ဖြစ်မှု စွမ်းရည် အကဲဖြတ်မှုတွေကို ဖြတ်သန်းရမှာပါ။
ဟက်ဂ်ဆက်သ်က အမေရိကန် သမ္မတအဖြစ် ဘာရတ် အိုဘားမား တာဝန်ယူခဲ့တဲ့ ကာလအတွင်း အမျိုးသမီး စစ်မှုထမ်းတွေအတွက် ကြံ့ခိုင်မှု စစ်ဆေးချက် စံနှုန်းတွေကို လျှော့ချပေးခဲ့တဲ့အပေါ် တောက်လျှောက် ဝေဖန် ဆန့်ကျင်ခဲ့သူလည်း ဖြစ်ပါတယ်။
စံနှုန်းအသစ်တွေကြောင့် အမျိုးသမီး စစ်မှုထမ်းတချို့ ဖယ်ရှားခံရနိုင်တယ် ဆိုတာကိုလည်း သူက အတည်ပြုပါတယ်။ ဒါပေမဲ့ စစ်ရေးနဲ့ ပတ်သက်ပြီး သတ်မှတ်တဲ့ စံနှုန်းတွေမှာ လိင်ကွဲပြားမှုကို ထည့်မတွက်ဘဲ တတ်နိုင်သမျှ အမြင့်ဆုံးအဆင့်မှာ တစ်သားတည်း ဖြစ်နေသင့်တယ်လို့လည်း ဟက်ဂ်ဆက်သ်က ဆိုပါတယ်။
အမေရိကန် စစ်ဘက် အရာရှိ တချို့ကို ထုတ်ပယ်ခဲ့ဖူးတဲ့ ဟက်ဂ်ဆက်သ်က နောက်ထပ်လည်း စစ်တပ် ခေါင်းဆောင်ပိုင်းတွေထဲမှာ အပြောင်းအလဲတွေ ရှိလာဦးမယ်ဆိုတာ သူသေချာပေါက် ပြောနိုင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။
သမ္မတနဲ့ ထိပ်တန်း စစ်ဦးစီးတွေ တွေ့ဆုံချိန် အတောအတွင်း ဧက ၅၅,၀၀၀ ကျယ်ဝန်းတဲ့ မရိန်းတပ်ဖွဲ့ စစ်စခန်း တဝိုက်မှာ လုံခြုံရေးကို အတင်းကျပ်ဆုံး မြှင့်တင်ထားခဲ့ပါတယ်။ အမေရိကန်ရဲ့ ထိပ်ဆုံးအဆင့် တပ်မှူးတွေ၊ စစ်ဦးစီးတွေကို အခုလို တစ်နေရာတည်းမှာ စုစုဝေးဝေး တွေ့ရတာက အရမ်းရှားပါးတဲ့ အခြေအနေ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။
အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဆင့်ခေါ်မှုဟာ ရုတ်တရက်ဆန်ပြီး ကြိုတင် သိရှိထားတဲ့ ကိစ္စလည်း မဟုတ်တာကြောင့် ထရမ့်နဲ့ ဟက်ဂ်ဆက်သ်တို့ ဘာပြောမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ခန့်မှန်းမှုတွေ၊ စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။


















































