နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုမယ့် အစီအစဉ်ကို ထိုင်းဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။
ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က အောက်တိုဘာ ၁ ရက်နေ့ကစပြီး နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို သူတို့ ခိုလှုံနေထိုင်ရာ စခန်းတွေ အပြင်ဖက် ထွက်ပြီး အလုပ်လုပ်ဖို့ကို ၁ နှစ်ကြာ ခွင့်ပြုပေးသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
ထိုင်းအစိုးရ အနေနဲ့ လူသားချင်း စာနာမှု အခြေခံ မူတွေကို အလေးထားတာ၊ ပြီးတော့ ထိုင်းနိုင်ငံမှာ နေထိုင်စဉ် အတောအတွင်း ထိုင်းရဲ့ ဥပဒေ စည်းမျဉ်းတွေကို လေးစားလိုက်နာခဲ့တဲ့ ဒုက္ခသည်တွေကို အခွင့်အလမ်းတွေ ဖန်တီးပေးချင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ အနုတင်က ပြောပါတယ်။

Public Service Announcement
တခြားတစ်ဖက်မှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက စစ်ရေး ပဋိပက္ခအပြီး ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေကို အစုလိုက်အပြုံလိုက် ပြန်ခေါ်ခဲ့တဲ့ ကမ္ဘောဒီးယား အစိုးရဆီကို ထိုင်းအနေနဲ့ လုပ်အားလိုအပ်ချက် ရှိလာမှာ မဟုတ်ကြောင်း တိကျတဲ့ သတင်းစကားတစ်ခု ပေးပို့လိုက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။
ထိုင်းရဲ့ သတ်မှတ်ချက်တွေ၊ စည်းမျဉ်းတွေကို လက်မခံတဲ့ သူတွေအတွက်တော့ ထိုင်းကလည်း ဘာမှ ဖြေလျှော့ပေးစရာ မလိုကြောင်း၊ ထိုင်းနဲ့ ပြဿနာ ရှိနေတဲ့ နိုင်ငံတစ်ခု အနေနဲ့ ထိုင်းဟာ လုပ်အားရင်းမြစ် လျော့ကျသွားတော့မယ်လို့ အထင်မှားမနေသင့်ဘူးဆိုတာ သတင်းစကားတစ်ခု ပေးပို့လိုက်တာလည်းဖြစ်ကြောင်း အနုတင်က ကမ္ဘောဒီးယားကို တိုက်ရိုက် နာမည်မတပ်ဘဲ မှတ်ချက်ပေးသွားပါတယ်။
သူက ထိုင်းအလုပ်ရှင်တွေဟာ မြန်မာ ဒုက္ခသည်တွေကို သတ်မှတ်ထားတဲ့ အလုပ်သမားရေးရာ ဥပဒေတွေနဲ့ ညီညွတ်တဲ့ လုပ်ခလစာ၊ ခံစားခွင့်တွေ ပေးအပ်လိမ့်မယ်လို့လည်း အာမခံခဲ့ပါတယ်။ ထိုင်းရဲ့ တရားဝင် အလုပ်သမားတွေ ဖြစ်လာတဲ့အတွက် သူတို့ကို အကာအကွယ်တွေ ပေးသွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
နယ်စပ် ဒုက္ခသည် စခန်း ၉ ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ပြည်နယ်ပေါင်း ၄၃ ခုမှာ အလုပ်လုပ်ခွင့် ရကြမယ်လို့ ဆိုပါတယ်။
ဒုက္ခသည် စခန်းတွေဟာ မြန်မာနဲ့ နယ်စပ် တက်ခ်ပြည်နယ်ထဲမှာ ၃ ခု၊ မယ်ဟောင်ဆောင်မှာ ၄ ခု၊ ကန်ချနာဘူရီနဲ့ ရတ်ချ်နာဘူရီတို့မှာ ၁ ခုစီ ရှိပါတယ်။ အဲဒီစခန်းတွေမှာ တရားဝင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ပြီး ခိုလှုံနေသူတွေထဲမှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် အပိုင်းအခြားရှိသူ ၄၂,၆၀၁ ဦးထိ ပါဝင်တယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကြောင့် ထိုင်းရောက် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား အရေအတွက် သောင်းနဲ့ချီပြီး နေရပ်ပြန်သွားခဲ့ပါတယ်။ အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ ကမ္ဘောဒီးယား အစိုးရက ဖိအားပေးခဲ့တာကြောင့်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။
ကိုးကား -Bangkok Post


















































