အောက်တိုဘာ-၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ အောက်တိုဘာ ၁ရက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
KIA သိမ်းထားတဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေ၊ တပ်စခန်းတွေ ပြန်ရဖို့ စစ်ကောင်စီက ဩဂုတ်ကတည်းက ထိုးစစ်ဆင်နေသလို စက်တင်ဘာလကုန်ပိုင်းမှာလည်း ထပ်မံ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
ဗန်းမော်တိုက်ပွဲ လက်ရှိအခြေအနေမှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ အပြန်အလှန် ထိုးစစ်ဆင်နေတဲ့ အနေအထားလို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
“ ပွဲကြမ်းနေတယ် ဗန်းမော်မှာ။ သူတို့လည်း ရှေ့တိုးလိုက် ပြန်ဆုတ်လိုက်ပဲ။ နေရာအချို့ ငါတို့ ပြန်ရတာတွေ ရှိတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အောက်တိုဘာ ၁ရက်အထိ စစ်ရေး အခြေအနေကို ပြောပါတယ်။
ပြန်လည်သိမ်းပိုက်နိုင်တဲ့ တည်နေရာတွေကိုတော့ လတ်တလော ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့က KIA သိမ်းထားတဲ့ တပ်ရင်းအချို့နဲ့ နေရာအချို့ကို ဩဂုတ်နဲ့ စက်တင်ဘာမှာ ပြန်လည် သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
စစ်ကောင်စီက ဗန်းမော်မြို့ကို စစ်သင်္ဘောတွေနဲ့ စစ်အင်အားပြည်ပြီး ထိုးစစ်တွေ ပြုလုပ်ရာမှာ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်း ပစ်ကူပေးပြီး ထိုစစ်ဆင်နေတာဖြစ်ပြီး နေ့စဉ်နီးပါး လေကြောင်း တိုက်ခိုက်တာ လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
KIAဟာ ဗန်းမော်မြို့သိမ်းနိုင်ဖို့ ၂၀၂၄ဒီဇင်ဘာကတည်းက ထိုးစစ်စတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁၀လကြာမြင့်နေပြီဖြစ်ပါတယ်။


















































