အောက်တိုဘာ – ၁ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ်ထဲ ၈ ထပ်ရေတံခွန် မှာ ရေကစားချိန် တောင်ကျရေစီးကြောင့်ပြတ်ကျပျောက်ဆုံးနေတဲ့အမျိုးသမီး လေးဦးရဲ့ ရုပ်အလောင်းတွေ အားလုံးကို သုံးရက်တာရှာဖွေမှုအတွင်း ပြန်လည်ရှာတွေ့ပြီလို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့ စက်တင်ဘာ၂၉ ရက်မှာတင် ရေတံခွန်ရဲ့ ၃ ထပ် အဆင့်မှာကနဦးနှစ်လောင်းရှာတွေ့ပြီး နောက်ရက်မှာ အဲဒီအဆင့်က နောက်ထပ်တစ်လောင်းနဲ့ ဒီနေ့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ရုပ်အလောင်း ကို တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( မန္တလေး) ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။
နောက်ဆုံးကျန်ရှိတဲ့အမျိုးသမီး ရုပ်အလောင်းကို ဒီနေ့ (အောက်တိုဘာလ ၁ရက်) နေ့ခင်းပိုင်း ၁ နာရီခွဲဝန်းကျင်မှာ ရေတံခွန်ရဲ့ ၃ ထပ်အဆင့်အနီးမှာ ပဲ တွေ့ရတာပါ။

Public Service Announcement
သေဆုံးသူ အမျိုးသမီး လေးဦးအနက် တစ်ဦးဟာအမေရိကန်နိုင်ငံသူဖြစ်တယ်လို့သိရပါတယ်။
၈ ထပ်ရေတံခွန်မှာ စက်တင် ဘာလ ၂၉ ရက် နေ့ခင်းပိုင်း ၃ နာရီအချိန်ကတောင်ကျရေတရှိန်ထိုး ထိုးဆင်းကျလာတာကြောင့် ရေကစားနေသူတွေ ရေစီးနဲ့ မျောပါ ပြီးပြုတ်ကျခဲ့တာပါ။
ရေတံခွန်မှာလာရောက်ရေကစားတဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုက နိုင်ငံခြား သား ၊ ဆရာ ၊ ဆရာမတွေ ပါဝင်ပြီး အမျိုးသား ၊ အမျိုးသမီး ငါးဦး ရေစီးနဲ့မျောပါ ပြုတ်ကျသွားတာလို့ စေတနာမွန်လူမှုကူညီရေးအသင်း( အုန်းချော)က ထုတ်ပြန်ထားပါတယ်။
လူ ၁၄ ဦးရေကစားရာမှာ တောင်ကျရေကြောင့် ငါးဦး ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
အဲဒီ ငါး ဦးမှာရှရှားနိုင်ငံသားအမျိုးသားဟာခြေထောက်ကျိုးသွားပေမယ့် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။
၈ ထပ်ရေတံခွန်က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နဲ့ ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိပြီး မန္တလေးကဒေသခံအများစုသွားရောက်လည်ပတ်လေ့ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

















































