အောက်တိုဘာ -၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း တနင်္သာရီမြိုနယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ဆီ ထပ်မံအလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃၀ရက်က ခလရ(၂၈၀)တပ်ရင်းက တပ်ဖွဲဝင် ၄ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁) ဆီ အလင်းဝင်ခဲ့သလို ဒီကနေ့ အောက်တိုဘာ ၂ရက်မှာလည်း ခလရ(၂၈၀)တပ်ရင်းက တပ်သား ၂ဦး တပ်ရင်း(၁၁)ဆီပဲ အလင်းဝင်လာတာ ဖြစ်ပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဓမ္မ စစ်သားစုဆောင်းခံရသူတွေဖြစ်ပြီး တနှစ်နီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီ မြိုနယ် သိန်ခွန်းဒေသ စစ်မြေပြင်ကို ပိုဆောင်ခံရချိန် လက်နက်မဲ့ ထွက်ပြေးလာတာလို ဖော်ပြထားပါတယ်။

Public Service Announcement
“မနေ့က လေးဦးကတော့ တဦးက သူတို့ အိမ်ထဲကနေ ဝင်ဆွဲခံရတာ။ညသန်းခေါင်မှာ အိမ်ထဲက ဝင်ဆွဲခံရတာ။ပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်သောက်ရင်း အဆွဲခံရတာ တယောက်။ နောက်တယောက်က အုပ်ချုပ်ရေးမှူးက အိမ်ကနေခေါ်သွားပြီးတော့ ရုံးမှာ လိုအပ်မှုရှိလို့ခေါ်ဆောင်သွားပြီးတော့ စစ်မှုထမ်းပါသွားတယ်။ တယောက်ကတော့ အလုပ်သွားရင်း ကားပေါ်က အဆွဲခံရတာ။ ဒီကနေ့ နှစ်ယောက်လည်း အဲဒီလိုမျိုးပဲ အဓမ္မ အဖမ်းခံရပြီးဝင်ရတာ။ တယောက်က အုပ်ချုပ်ရေးမှူး အပါအဝင် အိမ်ထဲက ဆွဲခေါ်သွားတာ။ နောက်တယောက်က နိုင်ငံခြား အလုပ်သွားတာ လမ်းခရီးမှာ အဖမ်းခံရတယ်လို့ ပြောတယ်” လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။
အလင်းဝင်လာသူတွေရဲ့ နေရပ်ကို သတင်းရင်းမြစ်က ပြောပေမယ့် အလင်းဝင်လာသူတွေရဲ့ လုံခြုံရေးအရ မဖော်ပြဖို့ပြောကြားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ရက်ကလည်း ပုလောမြိုနယ်မှာ စစ်ကောင်စီ တပ်သားသစ် ၇ဦး KNLA တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇) တပ်ခွဲ(၅) ဆီကို လက်နက်မဲ နဲ့ အလင်းဝင်ဘက်ပြောင်းခိုလှုခဲ့ပါတယ်။ အဲဒီ တပ်သား ၇ဦးဟာ ထိုင်းနိုင်ငံမှာ အဖမ်းခံရပြီး မြန်မာနိုင်ငံ ပြန်ပိုခံရစဉ် စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်း ခဲ့သူတွေဖြစ်ပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ အခုနှစ်အတွင်း KNLA တပ်မဟာ(၄)ဆီကို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃၀ဦးကျော်ရှိပါတယ်။ ဒါ့အပြင် တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေလည်းရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မတရား စစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်တွင်းက တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲတွေဆီကို ရရာနည်းနဲ့လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖိုလည်း KNU မြိတ်-ထားဝယ်ခရိုင်က တိုက်တွန်းထားပါတယ်။


















































