အောက်တိုဘာ-၁၊ ၂၀၂၅။ဇော်ဝင်း /People’s Spring
မွန်ပြည်နယ်၊ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်သားတွေပါတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
ဒီကနေ့(အောက်တိုဘာ ၁ ရက်) ညနေပိုင်းက အင်အား ၄၀ကျော်နဲ့ ခမရ(၃၄၃)တပ်ရင်းကနေ စစ် ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ဒီကောင်တွေ ထိုးလာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ ကြားဖြတ်တိုက်ခိုက်တယ်။အရှေ့ပွိုင့်နဲ့ တွေ့တယ်။သူတို့ဘက်က လေးဦးသေတယ်။သေနတ်တော့ ကောက်မရခဲ့ဘူး။အင်အား ၄၀ လောက်ပါတယ်။ကျွန်တော်တို့က ပြောက်ကျားကစားခဲ့တာ”လို့ ရေးဘီလူးခေါင်းဆောင်က တိုက်ခိုက်ခဲ့မှုကို ရှင်းပြပါတယ်။

Public Service Announcement
ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DKBAနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)တို့ဟာ စစ်ကောင်စီဘက်ကနေကူပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေပါတယ်။
ကရင်ပြည်နယ်က လေးကေ့ကော်မြို့တိုက်ပွဲမှာလည်း BGFရဲ့ တပ်ရင်တချို့ဟာ စစ်ကောင်စီတပ်ကို ကူတိုက်ပေးနေပါတယ်။
ခမရ(၃၄၃)တပ်ရင်းဟာ ရေးမြို့နယ် အာယုတောင် ကျေးရွာအနီးမှာရှိပြီး ခမရ(၅၈၇)တပ်ရင်းနဲ့ (၅)မိုင်ခန့်အကွာနဲ့ ရန်ကုန်- မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမ အနီးမှာရှိပါတယ်။
ရေးမြို့နယ်မှာ စစ်ကောင်စီရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉) လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇ နဲ့ အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ-၃၁၆)တို့ ရှိပါတယ်။
ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမအမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ပြန် ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက သြဂုတ်လဆန်းကစပြီး အင်အားထောင်ချီသုံးကာ စစ်ကြောင်းထိုးနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ရေး-ထားဝယ် လမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သားတချို့နဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးအင်အားစုတွေ သိမ်းရခဲ့တာ ရှိပါတယ်။




















































