အောက်တိုဘာ ၁ ၊ ၂၀၂၅။ဇော်ဝင်း /People’s Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တိုက်ပွဲမှာ သိမ်းရတဲ့လက်နက်တွေထဲကMA1သေနတ်၅လက်ကိုတိုက်နယ် ပကဖတွေကို ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပကဖက တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ဒီကနေ့ (အောက်တိုဘာ ၁ ရက်)ပြုလုပ်တဲ့ လက်နက်ပေးအပ်ပွဲကို မြို့နယ် ပကဖ တာဝန်ခံ၊ မြို့နယ် ပကဖ ဒုတာဝန်ခံ၊ အင်အားစုဖွဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စစ်လက်နက်တာဝန်ခံ၊ ကူကယ်တာဝန်ခံ၊ဆက်သွယ်ရေးတာဝန်ခံတို့က ဂုဏ်ပြု ချီးမြှင့်ပေးပြီး တိုက်နယ် ပကဖ ခေါင်းဆောင်၊ ဒုခေါင်းဆောင်နဲ့ အဖွဲ့တွေက လက်ခံရယူခဲ့ကြတယ်လို့ ဆိုပါတယ်။
“ခင်ဦးမြို့နယ်မှာက တိုက်ပွဲဖော်ဆောင်ကြပြီ ဆိုရင် PDF ၊ ပကဖ ပေါ့။တော်လှန်ရေးအစ ကနဦးကနေ ယနေ့အချိန်ထိ ကျွန်တော်တို့ ပူးပေါင်းစစ်ဆင်ရေးမှာ ရတဲ့လက်နက်တွေကို ကျွန်တော်တို့ စနစ်တကျခွဲခြမ်းစိတ်ဖြာပြီး ယူကြတယ်ပေါ့အခုလည်း ထို နည်းတူစွာပဲ။တိုက်ပွဲမှာပူးပေါင်းပါဝင်တဲ့အဖွဲ့အစည်းအသီးသီးကို စနစ်တကျခွဲခြမ်းပြီး ပေးတာဖြစ်တယ်”လို့ ခင်ဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
စက်တင်ဘာ ၂၂ ရက်မှာ ခင်ဦးမြို့နယ်က စစ်ကောင်စီတပ်စခန်းမှ ရွှေဘိုလေ့ကျင့်ရေး (၈)နဲ့ ဘုတ်ကုန်း (ပျူရွာ)သို့ ထွက်လာတဲ့ အင်အား ၉၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ခင်ဦး – ရွှေဘို နယ်စပ်တနေရာမှာ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ခင်ဦးပကဖက အသိပေးထားပါတယ်။
တိုက်ပွဲ ၅ နာရီဝန်းကျင် ကြာမြင့်ပြီး စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့်နဲ့ သုံးပွင့်ဗိုလ်ကြီးအပါ အဝင် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ခင်ဦးပကဖက ဆိုပါတယ်။
ဒါ့အပြင်စစ်သား နှစ်ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ခင်ဦးပကဖက ထပ်မံအသိပေးပါတယ်။ဒါ့အပြင် စစ်ကောင်စီတပ်ဆီက MA-3 လေးလက်၊ MA-1 ငါးလက်၊ BA-63/ G3 တလက်၊ ကာဘိုင် တလက်၊ BA 100/ 60 MM ကွန်မန်ဒို စိန်ပြောင်း (တို) တလက်၊ MA-5/ ပစ္စတိုတလက် သိမ်းရခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးကို အမှတ်(၂) ရွှေဘိုခရိုင်၊ အမှတ် (၃) တပ်ရင်း၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ) ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖနဲ့ ခင်ဦးမြို့နယ် ပလဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“နောက်ပွဲမှာ စက်လက်နှစ်လက် ရှေ့ပွဲမှာ နှစ်လက် နောက်ဆက်တွဲကျွန်တော်တို့ရတာရှိပါသေးတယ်။လက်နက်ကစုစုပေါင်းကျွန်တော်တို့၁၅ လက်လောက်ရတာ”လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်ကလည်း ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတချို့ပါ သိမ်းရခဲ့ပါတယ်။




















































