အောက်တိုဘာ-၁၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်က (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ၊ မိုင်းတွေနဲ့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရတယ်လို့ မြို့ပြကြွက် အဖွဲ့က အသိပေးထားပါတယ်။
“မြို့ပြကြွက်တွေရဲ့နှစ်ဆိုတဲ့အတိုင်း အကြမ်းဖက်အုပ်စုက တရားမဝင်ရွေးကောက်ပွဲဖြစ်ဖို့နဲ့မတရားစစ်သားစုဆောင်းရေးကိုဖော်ဆောင်နိုင်ဖို့ မြို့ပြကို ဘောင်ခတ်နေလည်း မြို့ပြကြွက်တွေကတော့ တိုက်ပွဲဖော်ဆောင်လျှက်ရှိနေပါတယ်။” လို့ ရေး
သားပြီး မစ်ရှင်ကို အသိပေးထားတာပါ။
စက်တင်ဘာ ၃၀ ရက် ည ၉နာရီ ၅၀ မိနစ်မှာ ကင်းလှည့်ဖို့လုပ်နေတဲ့ပျူစောထီးတွေနဲ့ရဲတွေကို လက်ပစ်ဗုံး နှစ်လုံး ၊ ပြင်းအားမြင့် လက်ပစ်ဗုံး နှစ်လုံးနဲ့ မြို့ပြကြွက်အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ဖော်ပြပါတယ်။

Public Service Announcement
ပစ်ခတ်ခဲ့တဲ့ လက်ပစ်ဗုံးနဲ့ မိုင်းတွေ ရပ်ကွက်ရုံးထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တဦး ၊ ပျူစောထီးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တာကို ဆေးရုံကားတွေနဲ့ သယ်သွားတယ်ကြောင်း မြေပြင်သတင်းရရှိတယ်လို့ မြို့ပြကြွက်က ထုတ်ပြန်ထားပါတယ်။
မြို့ပြကြွက်အဖွဲ့က စစ်ဆင်ရေးလုပ်ဆောင်ပြီးချိန်မှာ “တောင်ဥက္ကလာ ၁၀ ရပ်ကွက်အသံကောင်းလား”လို့ပို့စ်တင်ခဲ့ပြီးဒေသခံတွေကလည်း ပေါက်ကွဲသံကြားရတယ်လို့ မှတ်ချက်ရေးသားထားပါတယ်။
ရန်ကုန်မြေပြင်သတင်းတွေကိုဖော်ပြပေးနေတဲ့ Hlaing Info ကလည်း တောင်ဥက္ကလာပ (၁၀)
ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံကသတင်းပေးပို့ကြောင်း ယမန်နေ့ည ၁၀ နာရီကျော်မှာ ဖော်ပြထားပါတယ်။
“အရှိန်မြင့်နေတဲ့ တလရခရီးလမ်းမှာ ပိုခက်ခဲလာတဲ့ နေရာဒေသအသီးသီးက ပြည်သူတွေရဲ့အပူတွေကိုအတူတူမျှဝေရင်း ရှေ့လျှောက်လည်း ပြည်သူတွေကို ဖိနှိပ်သူမှန်သမျှကို တိုက်ခိုက်ချေမှုန်းသွားပါအုံးမယ်။” မြို့ပြကြွက်ကလည်း အသိပေးထားပါတယ်။
မြို့ပြကြွက်အနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကူညီလုပ်ဆောင်နေသူတွေအပါအဝင် ပြည်သူတွေကို ဒုက္ခပေးနေသူတွေကို အမြစ်ပြတ်အောင်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
မြို့ပြကြွက်က စက်တင်ဘာလထဲမှာ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံး ၊ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။


















































