အောက်တိုဘာ-၂၊၂၀၂၅။သုည/People’s Spring
ရန်ကုန်မြို့ပေါ်မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ လူထုလှုပ်ရှားမှုသပိတ်တွေ ပြုလုပ်နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော် ၂ဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ စမ်းချောင်းပင်မသပိတ်က ဒီကနေ့ (အောက်တိုဘာ ၂)မှာ ထုတ်ပြန်ပါတယ်။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဟိန်းနိုင်ဇော် (ခ)အိုမီ၊ သိမ့်သီရိဝေ(ခ) မမြရင် တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်က မြေပြင်ကိစ္စသွားလာရင်းနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ အဖွဲ့ဝင် ၂ဦးဟာ ရန်ကုန်မြို့ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်နေသူတွေ ဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ စစ်ကြောရေးငရဲခန်းဖြတ်သန်းမှုတွေနဲ့ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေ ရင်ဆိုင်ရကာ မတရားဥပဒေနဲ့ အကျဉ်းထောင်အတွင်း ဖမ်းဆီးအကျဉ်းချခံထားရတယ်လို့ ဆိုပါတယ်။

Public Service Announcement
ရဲဘော် ၂ဦးဖမ်းဆီးခံရပြီးနောက် ကျန်ရှိနေတဲ့ ရဲဘော်တွေရဲ့ လုံခြုံရေးအခြေအနေကြောင့် အခုမှ သတင်းထုတ်ပြန်ခြင်း ဖြစ်ကြောင်း စမ်းချောင်းသပိတ်က ဆိုပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့တဲ့ ရဲဘော်ကိုအိုမီ နဲ့ မမြရင်တို့ရဲ့ ဆုံးရှုံးမှုအတွက် ကျန်ရှိနေတဲ့ ရဲဘော်တွေက တော်လှန်ရေးအောင်မြင်သည်အထိ ယခုထက်ပိုပြိး လူထုနဲ့အတူကြိုးပမ်းသွားမှာလို့ စမ်းချောင်းသပိတ်က ဆိုပါတယ်။
” အဓိကကတော့ မြို့ပြမှာလှုပ်ရှားနေတဲ့တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ပိုပြီးတော့ သတိထားဖို့ လိုတယ်ဆိုတဲ့အကြောင်း သတိပေးချင်ပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ အခုဖမ်းဆီးမှုပုံစံတွေက ပြောင်းသွားတယ်။ အရင်တုန်းကဆိုရင် ဖမ်းဆီးမှုကို ညဘက်လုပ်တာများတယ်။ ဒါပေမယ့် အခုက နေ့ဘက်ရော ညဘက်ရော မရှောင်ဘူး။ ပြီးရင် အရင်တုန်းကကျတော့ အဖမ်းခံရတဲ့ နောက်ဆက်တွဲ ကွင်းဆက်တွေ လိုက်တဲ့အခါအချိန်ကြာတယ်။ အခုက အဲဒီလို မဟုတ်ဘူး။ Source တစ်ခုကို ဖမ်းမိတာနဲ့ ကျန်တဲ့ Source သုံး၊ လေး၊ ငါးခုကိုတပြိုင်တည်းဝင်စီးတဲ့ ပုံစံ တွေတွေ့ရတယ်။ အဲဒီမှာကျတော့ အကြမ်းဖက်စစ်တပ်က အထူး သဖြင့် ယူနီဖောင်းတွေ မဝတ်ဘူး။ အရပ်ဝတ် တွေကိုသုံးတယ်။ ပစ်စတိုတွေနဲ့ ။ တကယ့် အိမ်စီးကား အကောင်းစားတွေ ဖမ်းဆီးမှုပုံစံဖြစ်လာတယ်။ အဲဒီလိုဖမ်းဆီးတာက ဘာပြဿနာဖြစ်လဲ ဆိုတော့ ဖမ်းဆီးခံရတယ်ဆိုတာကို အဲဒီ့အနားမှာရှိနေတဲ့အရပ်သား ပြည်သူတွေကအစ သတိမထားမိ တော့ဘူး။ အဲဒီတော့ တချို့ Information တွေလွဲပြီးတော့ မြို့ပြမှာတော်လှန်ရေးအင်အားစုတွေကဖမ်းဆီးခံရတဲ့ အခါမှာ တစ်ယောက် နှစ်ယောက်နဲ့ ပြီးရမယ့်အစား နောက်ဆက်တွဲတွေများကုန်တဲ့အခြေအနေတွေရှိတယ်”လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌကိုပီတာက ပြောပါတယ်။


















































