ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ TNLA ထုတ်ပြန်
အောက်တိုဘာ-၃၊ ၂၀၂၅။ လူအေး/People’s Spring
ကျောက်မဲကို ပြန်လည်ထိန်းချုပ်သွားတဲ့ စစ်ကောင်စီက နမ္မတူနဲ့ မန်တုံကို ဗုံးကြဲပြီးတဲ့နောက် အောက်တိုဘာ ၂ရက် မနေ့ ညနက်ပိုင်းမှာ သီပေါမြို့ကို ထပ်မံဗုံးကြဲလို့ အရပ်သားထိခိုက်မှုတွေရှိခဲ့ပါတယ်။

နမ္မတူနဲ့ မန်တုံကို မနေ့ မနက် ၇နာရီ ခန့်မှာ ဗုံးကြဲတာဖြစ်ပြီး သီပေါမြို့ကိုတော့ ည ၁၀နာရီ ၁၅မိနစ်ခန့်မှာ ကြဲတာပါ။

Public Service Announcement
“ကျောက်မဲပြီးရင် သီပေါကို ပစ်မှတ်ထားမယ်လို့ ကျနော်တို့နားလည်ထားတယ်။ ညကလည်း မြို့နားကိုကြဲတာပဲ။ လူထိခိုက်တယ်လို့ သိရတယ်။ အဆက်အသွယ်တွေပြတ်နေတော့ ဘာမှမေးလို့တော့မရသေးဘူး”လို့ သီပေါမြို့ကနေ ရှောင်လာတဲ့သူတစ်ဦးကပြောပါတယ်။
နမ္မတူနဲ့ မန်တုံကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲတာမှာ အရပ်သားလေးဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရတယ်လို့ TNLAက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်မှာ မနေ့ ညပိုင်း ၁၀ နာရီ ၁၅မိနစ်ခန့်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး နှစ်လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အဦး (၁)ခု ပျက်စီးသွားခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာ၊ ကုမုဒြာဟိုတယ်မှာ ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ TNLA က ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကုမုဒြာဟိုတယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အသိပေးပါတယ်။
စစ်ကောင်စီဟာ ကျောက်မဲမြို့ထဲကို ဝင်ပြီး တိုက်ခိုက်ခဲ့တဲ့ အောက်တိုဘာ ၁ရက်ကလည်း မိုးကုတ်မြို့ကိုဗုံးကြဲခဲ့ပါသေးတယ်။ ကျောက်မဲမြို့ကို ပြန်ဝင်ပြီးတဲ့နောက် TNLA ထိန်းချုပ်ထားတဲ့ဒေသတွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန်တိုက်ခိုက်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေအသုံးပြုပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ TNLAက မနေ့က ထုတ်ပြန်ထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တို့ကို သိမ်းယူခဲ့တာပါ။ ၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီးစစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်လမှာ နောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ ဒီလဆန်းမှာ ကျောက်မဲမြို့ကိုလည်း ထပ်မံလက်လွှတ်လိုက်ရပြန်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ကျန်တဲ့မြို့နယ်တွေကိုလည်း ဆက်ပြီးတိုက်ခိုက်မယ်လို့ စစ်ကောင်စီဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေကနေ ရေးသားနေကြပါတယ်။
ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရတာဟာ လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မနေ့က ပြောပါတယ်။
ကျောက်မဲနဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွာလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေ ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်ကို ပူးတွဲတိုက်ခိုက်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပြင် အခြားဒေသက တော်လှန်ရေးတပ်တွေကိုလည်း TNLAက ဖိတ်ခေါ်ကမ်းလှမ်းထားပါတယ်။


















































