အောက်တိုဘာ-၃၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ဘုန်းကြီးကျောင်းတကျောင်းမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကိုရင် ၄ ပါး ပျံလွန်တော်မူပြီး ၁၁ ပါး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂ ရက် မနေ့က ရွှေဘိုမြို့ အဝင်မုခ်ဦးကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တဂဏန်းကျေးရွာကို ဝင်ရောက်ချိန် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
တိုက်ပွဲဖြစ်ချိန် ရွှေဘို ကညနနဲ့ ထောက်ပို့တပ်(၂)ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ အဲဒီပစ်ခတ်မှုတွေထဲက လက်နက်ကြီးတလုံးဟာ ရွှေဘိုမြို့ပေါ်က အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းထဲကျရောက်ပြီး အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ် ရှင်သာမဏေ ၄ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement
“သက်တော် ၁၃၊ ၁၄ သာသနာ့မျိုးဆက်သစ်တွေပါ”လို့ ရွှေဘိုမြို့က ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
ပျံလွန်တော်မူခဲ့တဲ့ ရှင်သာမဏေတွေဟာ ရှင်ဝိမလ၊ ရှင်ဉာဏိက၊ ရှင်ဥတ္တမနဲ့ အခြားတပါးတို့ဖြစ်ပါတယ်။
လက်နက်ကြီးဟာ ၃ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး တလုံးကတော့ ထူထောင်ရေးရပ်ကွက်၊ ရွှေဘုံသာဘုရားအနီး ကျကာ မပေါက်ကွဲခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရွှေဘို-မန္တလေးလမ်းပါ ယာယီပိတ်ခဲ့ရပြီး ဒီမနက်ပြန်ဖွင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ သံဃာတော်များပါ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။























































