အောက်တိုဘာ-၃၊ ၂၀၂၅။ မိထက်/People’s Spring
ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသက လုံခြုံရေးဆိုင်ရာပြဿနာနဲ့ ပဋိပက္ခတွေဖြေရှင်းနိုင်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့အတွက် အာရက္ခတပ်တော်(AA)ကို လက်တွေ့အစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံအမတ်တွေကို အရပ်ဘက်အဖွဲ့အစည်း ၂၀၂ ဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Arakan American Community(AAC)နဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ အရပ်ဘက်အဖွဲ့ တွေအပါအဝင် ၂၀၂ ဖွဲ့က ပြီးခဲ့တဲ့စက်တင်ဘာ ၂၉ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တာပါ။
AAဟာ ရခိုင်ပြည်နယ်ရဲ့အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်ဆောင်ရွက်နေပြီး တပြည်နယ်လုံးရဲ့ဧရိယာ ၉၃ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း၊ AAကို ရခိုင်ပြည်နယ်ရဲ့ အစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံပေးဖို့ တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာကို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အမေရိကန်၊ EU နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံက သံအမတ်တွေ၊ သံရုံးတချို့နဲ့ သံအမတ်တွေထံ ပေးပို့လိုက်တာပါ။

Public Service Announcement
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ ရခိုင်ပြည်မှာ နယ်မြေအများစုကို ပိုင်ဆိုင်ထားပြီး အုပ်ချုပ်ရေးအာဏာ(Administrative Power)၊ တရားရေးစနစ် (Judicial System)၊ လုံခြုံရေးနဲ့စစ်ရေးအဖွဲ့တွေ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖွံ့ဖြိုးရေး စတဲ့ယန္တရားတွေကို လက်တွေ့အကောင်အထည်ဖော်နေတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေဟာ ULA/AA ကို အစိုးရအနေနဲ့ ယုံကြည်လက်ခံထားပြီး စစ်ကောင်စီကို မယုံကြည်ကြဘူးလို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက အသိပေးထားကြပါတယ်။
AAဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရခိုင်ပြည်နယ်မှာ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့ကလွဲလို့ ကျန်မြို့တွေအပြင် ချင်းပြည်နယ် ပလက်ဝဒေသကို သိမ်းယူထားပါတယ်။ ကျန်မြို့သိမ်းတိုက်ပွဲတွေကိုလည်း စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီက AA ထိန်းချုပ်မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာပါတယ်။ စစ်ရှုံးပြီး တပ်ပျက်နေတဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေကို နေ့ရောညပါ အကြမ်းဖက်တိုက်ခိုက်နေလို့ သတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ အရေးပေါ်သတိပေးချက်ကို စက်တင်ဘာ ၂၈ရက် ညမှာ AAက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခြေကုပ်ရယူပြီး နယ်စပ်တလျှောက်စိမ့်ဝင်နေတဲ့ ARSA ၊ RSO အဖွဲ့တွေရဲ့ အကြမ်းဖက်မှုကို ကာကွယ်ဖို့ လုံခြုံရေးတိုးမြှင့်သွားမှာဖြစ်ပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနေပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ AAက စက်တင်ဘာ ၁၉ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးတကြီးလိုအပ်နေပြီး စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဖြတ် တောက်နေတာကို နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားပါတယ်။


















































