■ တော်လှန်ပြည်သူတွေ လူမှုရေးပစ်ဒဏ်ခတ်ထားတဲ့ အဆိုတော်လေးဖြူနဲ့အတူ ပွဲထွက်လာတဲ့အပေါ် ပြည်သူအချို့ မေးခွန်းထုတ်
အောက်တိုဘာ-၄၊၂၀၂၅။ သုည/People’s Spring
ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်ဟာ ဒီကနေ့ (အောက်တိုဘာ ၄) နံနက်က ကစားသမားဘ၀ နောက်ဆုံးနှုတ်ဆက်ပွဲထိုးသတ်ခဲ့ပြီး ပြိုင်ဘက် ဆွီဒင်ဖိုက်တာကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲစဉ်ကိုတော့ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပခဲ့ပြီး မြန်မာပရိသတ်အများအပြား လာရောက်အားပေးခဲ့တဲ့အပြင် အောင်လရဲ့ ပွဲထွက်သီချင်းဖြစ်တဲ့“အမဲလိုက်အက”ကို အဆိုတော်လေးဖြူ ကိုယ်တိုင် သီဆိုဖျော်ဖြေ ပွဲထွက်ခဲ့ပါတယ်။

Public Service Announcement
ပွဲစဉ် ပထမအချီမှာ အောင်လနဲ့ ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့ဟာStand Fight ဖြစ်တဲ့ လက်သီးချက်၊ ခြေကန်ချက်တို့သာ အားပြုတိုက်ခိုက်ခဲ့ပါတယ်။ ဒုတိယအချီပြန်စပြီး နှစ်မိကျော်မှာတော့ အောင်လရဲ့ လက်သီးချက်နဲ့ ဒူးတိုက်ချက်တွေကြောင့် ကြိုးဝိုင်းဒေါင့်ကပ်သွားတဲ့ ကာဒက်စတန်ကို အောင်လက ဘယ်၊ ညာ လက်သီးတွဲလုံးတွေနဲ့ အဆုံးသတ်အနိုင်ယူခဲ့ပါတယ်။
အောင်လအနေနဲ့ ဒီပွဲစဉ်ဟာသူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးပွဲစဉ် ထိုးသတ်ခြင်း ဖြစ်လို့ အနိုင်ရလဒ်နဲ့ ပရိသတ်ကို နှုတ်ဆက်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အောင်လဟာ မြန်မာပရိသတ်တွေကို အရမ်းချစ်ကြောင်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
ဒါပေမယ့် တော်လှန်ပြည်သူတွေက သပိတ်မှောက်ထားတဲ့ အဆိုတော်လေးဖြူနဲ့ အတူပွဲထွက်လာခဲ့ခြင်းအပေါ် ပြည်သူတချို့က မေးခွန်းထုတ်နေကြပါတယ် ။၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က နေပြည်တော် VIP စားသောက်ဆိုင်မှာသီချင်းသီဆိုခြင်းအပြင် BC ( boycott)ကို နားမလည်ကြောင်း လှောင်ပြောင်ခဲ့တဲ့ အဆိုတော်လေးဖြူအပေါ် boycott လုပ်ကြဖို့ လူမှုကွန်ရက် စာမျက်နှာမှာ ကျယ်ပြန့်စွာ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
“လေးဖြူက စင်ပေါ်မှာ BC ကို မသိဘူး ဆိုပြီး ပေါ်တင်လှောင်ပြောင်ခဲ့ဖူးပါတယ်။ ဒါက တော်လှန်ရေးကို လှောင်ပြောင်ခြင်းပါပဲ။ အောင်လက ဒါကို မသိတာလား သိသိရက်နဲ့ လေးဖြူကို ပွဲထွက်မှာ ပါလာဖို့ အသုံးချတာလည်း ဆိုတာ မေးခွန်းထုတ်စရာပါပဲ။ ဘာပဲဖြစ်ဖြစ် လေးဖြူကိုတော့ အမြဲ Boycott စာရင်းမှာ ထည့်ထားရမှာပါ” ဟု တော်လှန်ပြည်သူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီ မိုက်ကယ်မိုးမြင့်ရဲ့သားလည်းဖြစ် ၊ငယ်သူငယ်ချင်းလည်းဖြစ်၊ One ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာပါလေ့ရှိတဲ့ ဘုန်းကျော်မိုးမြင့် လည်း အောင်လနိုင်ပွဲအပြီးမှာ စင်ပေါ်တက် အတူအောင်ပွဲခံခဲ့တာကိုလည်းတွေ့ရပါတယ်။
MMA အားကစားနည်းမှာ မြန်မာကို ကမ္ဘာကသိအောင် ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဟောင်း အောင်လအန်ဆန်အတွက် အမြဲဂုဏ်ယူကြောင်းလည်း မြန်မာပရိသတ်တွေက လူမှုကွန်ယက်မှာ မှတ်ချက်ပြုရေးသားခဲ့ပါတယ်။
One Championship ကလည်း ကစားသမားဘ၀ နောက်ဆုံးပွဲထိုးသတ်ပွဲမှာ အနိုင်ယူနိုင်ခဲ့တဲ့ အောင်လအန်ဆန်ကို အမေရိကန်ဒေါ်လာ ၅၀၀၀၀ ဆုချီးမြှင့်ခဲ့ပါတယ်။
အသက် ၄၀ အရွယ် အောင်လအန်ဆန်ဟာ MMA ပြိုင်ပွဲ ၄၅ ပွဲ ထိုးသတ်ခဲ့ပြီး ၃၁ ပွဲနိုင် ၁၄ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။


















































