အောက်တိုဘာ-၄၊ ၂၀၂၅။ ဇော်ဝင်း/People’s Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်-ရေဦးလမ်းပိုင်း စိုးမိုးရေး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ ဒေသတွင်း စစ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်ဘက်ကနေ တန့်ဆည်မြို့နယ်ကို စစ်အင်အားဖြည့်ပြီးတဲ့နောက် တန့်ဆည်-ရေဦးကားလမ်းမကို အခုလ ၁ ရက်ကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းမှာ ခြေမြန်တပ်ရင်း အမှတ် ၃၆၁(ခမရ ၃၆၁)နဲ့ ပျူစောထီး အင်အား ၂၀၀ ဝန်းကျင်ပါတယ်လို့ အသိပေးပါတယ်။

Public Service Announcement
“ဇီးကုန်းဘက်ကို ပြန်ဆုတ်သွားပြီ။ တန့်ဆည်၊ရေဥဦးလမ်းပိုင်းစိုးမိုးမှုယူဖို့လို့မြင်တယ်၊ ရွေး ကောက်ပွဲအတွက် ရန်သူဘက်က ရသမျှနယ်မြေစိုးမိုးမှုယူဖို့ လုပ်လာနိုင်ပါတယ်”လို့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ပေါ်ဦးစစ်ကြောင်း ရဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
မြေပြင်စစ်ရေးအချက်အလက်တွေအရ တန့်ဆည်တိုက်ပွဲမှာ စစ်အုပ်စုဘက်က ငါးဦးသေပြီး ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ တွေ့ရပါတယ်။
စစ်ကြောင်းအထိနာသွားတဲ့ စစ်ကောင်စီက တနယ်ရွာကို မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူပိုင် ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့တဲ့ တနယ်ရွာမှာ နေအိမ် အလုံး ၂၀ ပျက်စီးသွားပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန တပ်ရင်း ၆၊၉၊၁၂ ၊ဗျူဟာ ၅၂၊ပေါ်ဦးစစ်ကြောင်း၊ တန့်ဆည် ပကဖ၊ ရေဦး ပကဖ ၊LPDF တန့်ဆည် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကောင်စီက မြေပြင်စစ်ကြောင်းမဝင်ခင် စက် တင်ဘာ ၂၉ ရက်နေ့လယ်ပိုင်းက တန့်ဆည်–ရေဦးကားလမ်းမဘေးက ရွာတွေကို ဂျိုင်ရိုကောပတာသုံးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။





















































