အောက်တိုဘာ – ၄ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ဖာပွန်-ကမောင်းလမ်းပိုင်းတလျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ ဖာပွန်စစ်ဗျူဟာဆီတပ်ကူပေးပို့နိုင်ဖို့အတွက်စစ်ကောင်စီတပ်က ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ခွဲထွက် DKBA တို့ရဲ့ အကူအညီကိုရယူပြီး KNU တပ်မဟာ ( ၅)ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူ BGF ၊ ဗိုလ်ဘိဦးဆောင်တဲ့ခွဲထွက် DKBA တပ်ဖွဲ့တို့ဟာ ကမမောင်း-ကတိုင်တိလမ်းပိုင်းက ဝါးဒူးကျေးရွာမှာ အထိုင်ချနေထိုင်ပြီး ကတိုင်တိ၊ ဖာပွန်ဘက်ကို ဦးတည်စစ်ကြောင်းထိုးဖို့ စီစဉ်နေတာလို့ တပ်မဟာ(၅) ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းက ကတိုင်တိဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်၊ ခွဲထွက် DKBA ၊ BGF ပူးပေါင်းစစ်ကြောင်းတို့ကို KNU တပ်မဟာ ( ၅)ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement
“ခုထိတော့ သူတို့ အဲ့ဒီ(ဝါးဒူးရွာ)မှာပဲ ပြန်ပြီးတော့ အထိုင်ချနေတယ်၊ အပေါ်(ကတိုင်တိ)ကို တက်မလာသေးဘူးပေါ့” လို့ ဗိုလ်မှူးကြီးစောကလယ်ဒို ကဆိုပါတယ်။
KNU တပ်မဟာ (၅) ထိန်းချုပ်ထားတဲ့ ဖာပွန်-ကတိုင်တိလမ်းပိုင်းတလျှောက်မှာရှိတဲ့ တောင်သုံးလုံး၊ ဆင်စွယ်၊ မထော၊ ကူးဆိပ် စတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းယူပြီး နယ်မြေစိုးမိုးနိုင်ဖို့နဲ့ ဖာပွန်အခြေချစစ်ဗျူဟာဆီတပ်ကူပေးပို့နိုင်ဖို့အတွက်စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းက ထိုးစစ်ဆင်ဖို့ ပြင်လာတာလည်းဖြစ်ပါတယ်။
ကတိုင်တိစခန်းကိုတော့ပြီးခဲ့တဲ့ဇွန်လပိုင်းကစစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီး တပ်စွဲထားပါတယ်။
စစ်ကောင်စီတပ်နဲ့အတူပူးပေါင်းတိုက်ခိုက်ပေးနေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) လက်အောက်ခံ တပ်ရင်း (၁၀၁၄)၊ (၁၀၁၃)နဲ့ ကြာအင်းပေါ်တော်မူအထူးဒေသ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက်DKBAတပ်ဖွဲ့တို့ဟာစစ်ကောင်စီကကျင်းပပြုလုပ်မယ့်ရွေးကောက် ပွဲကို ထောက်ခံနေတဲ့အဖွဲ့လည်း ဖြစ်ကြပါတယ်။
BGF တပ်ရင်းအမှတ်(၁၀၁၃)က ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာမှာ အခြေစိုက်ပြီး တပ်ရင်းအမှတ်(၁၀၁၄)ကတော့ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့အနီး တံတားဦးကျေးရွာမှာ အခြေစိုက်ထားပါတယ်။
ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA တပ်ဖွဲ့တို့ကတော့ ဘားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ကမ်း KNU တပ်မဟာ(၁)နယ်မြေ ကြာအင်းပေါ်တော်မူဒေသမှာ ဌာနချုပ်ပြုလုပ်ပြီး အခြေစိုက်တပ်စွဲတာပါ။
လက်ရှိဖြစ်ပွားနေတဲ့ လေးကေကော်မြို့သစ်တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ကရင်နယ်ခြားစောင့်တပ်(BGF)လည်း ပါဝင်ကူညီတိုက်ခိုက်ပေးနေပြီး ခွဲထွက် DKBA တပ်ဖွဲ့ကတော့ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းနဲ့ အာရှလမ်းပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်ကနေ ပေါ်ပေါ်ထင်ထင် ပါဝင်အားဖြည့်ပေးပါတယ်။
စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်အတွင်းက လေးကေကော်မြို့သစ်အပါအဝင် ဖာပွန်-ကမမောင်းလမ်း၊ ကျုံဒိုး-နဘူးလမ်း၊ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းနဲ့ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းတွေကိုအပြည့်အ၀ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေးအတွက်ကရင်လက်နက် ကိုင်အဖွဲ့တချို့ရဲ့ အကူအညီနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။


















































