Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ ယာဉ်တိုက်မှုကြောင့် နှစ်ရက်အတွင်း လူသုံးဦး သေဆုံး

ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်တွေ များပြားနေပြီး နှစ်ရက်အတွင်း လူသုံးဦးသေဆုံးခဲ့တယ်လို့ လူမှူကူညီရေးအသင်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

အောက်တိုဘာ ၃ ရက် ည ၁၁ခွဲလောက်က ၈မိုင်ဂုံးကျော်တံတားပေါ်မှာ ယာဉ်တိုက်မှုဖြစ်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ရတနာဖြိုး

အောက်တိုဘာ-၄၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်တွေ များပြားနေပြီး နှစ်ရက်အတွင်း လူသုံးဦးသေဆုံးခဲ့တယ်လို့ လူမှူကူညီရေးအသင်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

အောက်တိုဘာ ၃ ရက် ည ၁၁ခွဲလောက်က ၈မိုင်ဂုံးကျော်တံတားပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး Light Truck ယာဉ်ပေါ်က အမျိုးသားနှစ်ဦး သေဆုံးသွားတယ်လို့ ရှင်သန်ရေးကူညီရေးအသင်းက အသိပေးထားပါတယ်။

ယာဉ်တိုက်မှုမှာ Double Cubယာဉ်က တဖက်လမ်းကြောက Light Truck ယာဉ်ကို အရှေ့ကနေ ဝင်တိုက်ခဲ့တာကြောင့် ကားရှေ့ခေါင်းခန်းက အသက် (၂၆)နှစ်နဲ့ (၃၀)နှစ်အရွယ်အမျိုးသားနှစ်ဦး ကားခေါင်းခန်းမှာညပ်ပြီးသေဆုံးသွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကူညီရေးအသင်းတွေအနေနဲ့ လူညပ်နေတဲ့ ဖြစ်စဉ်ကို သွားရောက်ကူညီကြတာဖြစ်ပေမယ့် သေဆုံးသွားတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေက ဆိုပါတယ်။

အောက်တိုဘာ ၂ ရက်ညကလည်း ကမ္ဘာအေးဘုရားလမ်းမပေါ် ချော်တွင်းကုန်းမှတ်တိုင်အနီးမှာ လမ်းလျှောက်လာတဲ့ အမျိုးသမီးတဦးကို ယာဉ်တစီးက တိုက်ခဲ့တာကြောင့် မိုးစေတနာပရဟိတအသင်းက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူ အမျိုးသမီးဟာရMRTV-4 ရုပ်သံလိုင်းမှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး အသက်(၃၈) နှစ်အရွယ်ဖြစ်ပါတယ်။

တိုက်တဲ့ကားက EV ကားအမျိုးအစားဖြစ်ပြီး အရှိန်တော်တော်ပြင်းပြင်းတိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ဓာတ်ပုံတွေကို ကြည့်ပြီး ခန့်မှန်းထားကြပါတယ်။

“ စည်းမရှိကမ်းမရှိ အထိန်းအကွပ်မရှိ ပရမ်းပတာ မူးရူး သောက်စားပျော်ပါးရမ်းကားကြတဲ့ ညဉ့်လူတွေ..တန်းဖိုးရှိတဲ့ဘဝကိုယ်စီနဲ့ နိစ္စဒူဝ ရုန်းကန်နေကြတဲ့ လမ်းသွားလမ်းလာတွေရဲ့အသက်တွေကိုကားပေါ်တက်မောင်းပြီးလိုက်ဒုက္ခမပေးကြပါနဲ့လား။ အသက်တချောင်းဆုံးရှုံးရင် ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့တဲ့သူတွေ ဘယ်လောက်ထိ ရင်ကွဲနာကျရလဲဆိုတာ မိသားစုမောင်နှသားချင်းကိုယ်ချင်းစာပေးပါ” လို့ သေဆုံးသူနဲ့ရင်းနှီးတဲ့ MRTV-4 ရုပ်သံလိုင်းက Presenter သဇင်နွယ်ဝင်း ကရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်တွေအပြင် အောက်တိုဘာ ၃ရက် ည ၈နာရီကျော်ကလည်း သုဝဏ္ဏလမ်းစုံ မီးပွိုင့်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး Honda Fit ယာဉ်မောင်းကို မြေပြင်ကုသမှုတွေ ဆောင်ရွက်ပေးခဲ့ရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂ ရက်ကလည်း သန်လျင်တံတားအသစ် သာကေတမြို့နယ်ဘက်အဆင်းမှာ အက်ဆစ်တွေ တင်လာတဲ့ ယာဉ်တိမ်းမှောက်တာကြောင့် လမ်းကူးလာတဲ့ အမျိုးသားနှစ်ဦး ၊ အမျိုးသမီးတစ်ဦး အက်ဆစ်ဖိတ်စင်ရာမှ ခြေထောက်ထိခိုက်မှုဖြစ်ခဲ့ပြီး ယာဉ်မောင်းလည်း လက်ကျိုးသွားတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ရှင်သန်ရေးလူမှူကူညီရေးအသင်းက ဆိုပါတယ်။

အောက်တိုဘာ ၂ ရက် ညသန်းခေါင်အချိန်ကလည်း ကမ္ဘာအေးဘုရားလမ်းနဲ့ ဂန္ဓာမာလမ်းထောင့်မှာ မီးနီဖြတ်လာတဲ့ Hijet ကားက အိမ်စီးကားကိုဝင်တိုက်တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး Hijet ယာဉ်မောင်း ကားခေါင်းခန်းမှာ ညပ်နေခဲ့တယ်လို့ ယာဉ်မောင်တစ်ဦးက ဓာတ်ပုံနဲ့အတူတင်ထားပါတယ်။

ဆက်စပ်သတင်းများ