ကားလမ်းပိတ်ဆို့မှုနဲ့ ဆောင်းဘောက်ဆူညံသံတွေကြောင့် ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်
အောက်တိုဘာ-၄၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က နာမည်ကြီး ရေကျော်ပွဲစျေးကို အာဏာသိမ်းစစ်ကောင်စီက ဦးစီးပြီး အောက်တိုဘာ ၁ ရက်က စတင်ကျင်းပနေပါတယ်။
အဆိုပါ ရေကျော်ပွဲစျေးကို “ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော် ပျော်ပွဲရွှင်ပွဲနဲ့ စျေးရောင်းပွဲတော်”လို့ နာမည်တပ်ကာ ကျင်းပနေပြီး အောက်တိုဘာ ၁ ရက်က ၇ ရက်အထိ ပြုလုပ်မယ်လို့ သိရပါတယ်။

Public Service Announcement
ပွဲစျေးကို ဗိုလ်ချုပ်အောင်ဆန်းလမ်းမနဲ့ သိမ်ဖြူလမ်းထောင့်ကနေ စတင်ကာ ကားလမ်းပိတ်ပြီး ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ညနေပိုင်း ရုံးဆင်းချိန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ YBS ယာဉ်တွေရဲ့ လမ်းကြောင်းပြောင်းမောင်းနှင်မှုတွေကြောင့် လိုရာခရီးမရောက်ဘဲ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ပုဇွန်တောင်မြို့နယ်နေ ပြည်သူတဦးက ပြောပါတယ်။
“ပွဲစျေးလုပ်နေတော့ သိမ်ဖြူလမ်း၊ ဗိုလ်ချုပ်လမ်း၊ ရေကျော်လမ်း၊ အထက်ပုဇွန်တောင်လမ်းတွေမှာ ကားတွေက သွားလို့မရအောင် လမ်းတွေပိတ်ထားပါတယ်။ အရင်သွားနေကြ YBS ကလည်း ကားတွေ ပိတ်ထားတော့ ကမ်းနားလမ်းတစ်ခုပဲ သွားလို့ရတော့တယ်။ အိမ်က လမ်း၅၀နားမှာ ဆိုတော့ ညနေတိုင်း အိမ်ကို လမ်းလျှောက်ပြန်နေရတယ်။ အလုပ်က ပင်ပန်းတာက တစ်မျိုး၊ လမ်းလျှောက်ပြီး အိမ်ပြန်ရတာ တစ်မျိုး ဆိုတော့ တော်တော်စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အိမ်ရောက်ရင်လည်း ဆူညံနေတော့ ကောင်းကောင်းနားလို့မရပါဘူး” ဟု ပုဇွန်တောင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပွဲစျေးမှ စျေးဆိုင်တချို့က ည ၁၂ ကျော်အထိ ဆောင်းဘောက်တွေ ဖွင့်ထားတဲ့အတွက် ဆူညံသံတွေကြောင့် စာမေးပွဲရှိတဲ့ ကလေးတွေနဲ့ လူကြီးတွေ ဒုက္ခကြုံရကြောင်းလည်း (၄၈) လမ်းနေ ပြည်သူတစ်ဦးက ဆိုပါတယ်။
“ညဘက်ဆို ဆောင်းဘောက်သံတွေက တော်တော်နဲ့ မပိတ်ကြဘူး။ ကလေးတွေက နှစ်ဝက်စာမေးပွဲရှိတော့ စာကျက်ဖို့ကို မနည်းအာရုံစိုက်ခိုင်းရတယ်။ အဲ့အသံတွေနဲ့ ညှော်နံ့တွေကြောင့် လူကြီးတွေလည်း အရမ်းအိပ်ရခက်ပါတယ်။ အိမ်ကအမေကိုတောင် အမျိုးတွေရှိတဲ့ စမ်းချောင်းဘက်ကို ခဏပြောင်းခိုင်းထားရတယ်။ ညှော်နံ့တွေကြောင့် ရောဂါရမှာစိုးလို့ပါ”လို့ ၎င်းက ပြောပါတယ်။
ရေကျော်ပွဲစျေးဟာ အရင်ကတည်းက နာမည်ကြီးပွဲစျေးတစ်ခု ဖြစ်တဲ့အတွက် ပွဲစတင်တဲ့နေ့ကစပြီး လာရောက်သူတွေ များပြားခဲ့တာလည်း တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည်သူတွေ စည်ကားနေသယောင်ဖန်တီးဖို့အတွက် စစ်ကောင်စီဟာ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ဖို့ ဖိအားပေးစီစဉ်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတစ်ဦးဆီက ကြားသိရပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီက စည်ကားသယောင် ဖန်တီးနေတဲ့ ပျော်ပွဲရွှင်ပွဲတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။



















































