အောက်တိုဘာ-၄၊ ၂၀၂၅။ မေရီ/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ် မီးသတ်စခန်း ၂ ခုက ဆိုင်ခန်း ၆၀ နီးပါး ဖယ်ရှားပေးဖို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စာထုတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မိတ္ထီလာမြို့ပေါ် တော်ဝင်နန်း မီးပွိုင့်အရှေ့ဘက်နဲ့ ရေစင်ကြီးအနီးက မီးသတ်စခန်း ၂ ခုရှေ့မှာ ဆောက်ထားတဲ့ ဆိုင်ခန်းပေါင်း ၅၈ ခန်းကို ဖယ်ရှားဖို့ဆိုပြီး အောက်တိုဘာ ၁ ရက်က စာရောက်လာခဲ့ကြောင်း မိတ္ထီလာမြို့ခံတွေက ပြောပါတယ်။
အဲဒီဆိုင်ခန်းတွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်ကတကြိမ် စာထုတ်ကာ နှင်ထုတ်ခဲ့ဖူးပြီး အခုက ဒုတိယအကြိမ်မြောက် ထပ်မံနှင်ထုတ်တာဖြစ်ကြောင်း ဒေသခံတချို့က ပြောပါတယ်။

Public Service Announcement
“ မီးသတ်တိုက်ခန်းဝယ်သူတွေက ချွေးနဲစာနဲ့ဝယ်ထားတာပါ။ မီးသတ်ထဲမှာလည်း ဝန်ထမ်းမဟုတ်ဘဲ နေနေတဲ့သူတွေအများကြီး” လို့ တိုက်ခန်းရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တိုက်ခန်းရှင်တွေဆီ ပေးပို့တဲ့စာမှာ ဘယ်နေ့ဘယ်ရက်ဖယ်ပေးရမယ်လို့ ရက်အတိအကျမပါကြောင်း၊ ဖယ်မပေးဘူးဆိုရင် လုပ်ထုံးလုပ်နည်းနဲ့လုပ်သွားမယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း မိတ္ထီလာမြို့က ရထားလမ်းဘေးနေအိမ်တွေ ဖယ်ရှားကြဖို့ စစ်ကောင်စီလက်အောက်ခံဌာနတွေက စာထုတ်ခဲ့ပါသေးတယ်။
မိတ္ထီလာဟာ အချက်အချာကျတဲ့နေရာဖြစ်တာကြောင့် နေပြည်တော်လိုလုပ်မယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာက မြို့ကိုရောက်ရှိလာချိန် ထုတ်ပြောခဲ့ပါတယ်။
















































