အောက်တိုဘာ-၄၊၂၀၂၅။ သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြည်ပရောက်မြန်မာတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့” နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ” ကို ဒီကနေ့(အောက်တိုဘာ ၄) မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံရှိ NUG ကိုယ်စားလှယ်ရုံးနဲ့ အဖွဲ့အစည်းပေါင်း ၃၉ ဖွဲ့ ပါဝင်တဲ့ “ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က စီစဉ်တာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက “ စစ်အာဏာရှင် သက်ဆိုးရှည်ရေးလုပ်သည့် အတုအယောင် ရွေးကောက်ပွဲကို ငြိမ်ခံမနေသင့်ဘဲ၊ ပြည်သူ့အာဏာဟာ ပြည်သူ့ထံမှာသာရှိသည်” ဟုဆိုကာ ဆန့်ကျင်တော်လှန်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်ကလည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဒီနေ့ ဆန္ဒပြပွဲက တောင်ကိုရီးယားမှာ အစနိဒါန်းဖြစ်ပြီး၊ ဆက်လက်ပြီး အရှိန်မြှင့်တင်ကာ လိုအပ်ပါက သပိတ်စခန်းဖွင့်တဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားအဖွဲ့အစည်းတွေကလည်း တိုက်တွန်းအားပေးစကား ပြောကြားပြီး၊ ဆန္ဒပြသူတွေက ဆိုးလ်မြို့အလယ် ချီတက်ကြွေးကြော်ခဲ့ကြပါတယ်။
တောင်ကိုရီးယားအစိုးရနဲ့ ပြည်သူတွေထံကိုလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးဖို့နဲ့ ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့ မည်သည့်ရလဒ်၊ မည်သည့်အစိုးရကိုမျှ လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင်ကန့်ကွက်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။





















































