Connect with us

Hi, what are you looking for?

သတင်း

မင်းဇေသန့် ပြည်သူ့စစ်ခေါင်းဆောင်က စစ်တပ်နဲ့တွဲပြီး KIA/PDFတွေကို ချေမှုန်းမယ်လို့ကြုံးဝါး

ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် မင်းဇေသန့်က စစ်ကောင်စီနဲ့ လက်တွဲပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDFတွေကို ချေမှုန်းမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့မှာ စစ်တပ်ထောက်ခံသူတချို့က စစ်ကောင်စီထောက်ခံကြောင်း ဆန္ဒပြနေစဉ် ဓာတ်ပုံ - Kachin News Group

အောက်တိုဘာ-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် မင်းဇေသန့်က စစ်ကောင်စီနဲ့ လက်တွဲပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDFတွေကို ချေမှုန်းမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၁ရက်က ကျင်းပတဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲမှာ ပြည်သူ့စစ် တပ်ဖွဲ့မှူးက အခုလို ပြောဆိုခဲ့တာပါ။

KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ PDF တွေဟာ နိုင်ငံရေး အကြောင်းပြ ဆူပူအုံကြွနေတာလို့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကို နောင်တော် တပ်မတော်လို့ မင်းဇေသန့်က သုံးနှုန်းခဲ့ပြီး စစ်ကောင်စီက နိုင်ငံကို ကာကွယ်စောင့်ရှောက်နေတာလို့ ဆိုပါတယ်။

” အမိနိုင်ငံ ပိုင်နက်လို့ သတ်မှတ်ထားတဲ့ ရေမြေတွေကို တခုမှ ပဲ့ထွက်မသွားရအောင် နောင်တော်တပ်မတော်နဲ့လက်တွဲပြီး တို့တတွေ ကာကွယ်သွားကြရမယ်။ ဒါဟာ တို့တတွေရဲ့ ဒါသမိုင်းပေးတဲ့ တာဝန်ပဲဖြစ်တယ်။” လို့ မင်းဇေသန့်က သင်တန်းသားတွေကို ဝါဒဖြန့် စကားပြောဆိုခဲ့တာပါ။

ဒါ့အပြင် နိုင်ငံကို အမှန်တကယ် ဦးဆောင်နိုင်မယ့် ပါတီနဲ့ ကိုယ်စားလှယ်တွေကို မဲပေးကြရမယ်လို့ လည်း သူကဆိုပါ​တယ်။

ရန်သူကို ရန်သူလို သဘောထားဖို့ ၊ ရန်သူကို နေလိုမီးလိုကျင့်ဖို့ လွတ်လပ်ရေးနဲ့ အချုပ်အ ခြာအာဏာအတွက် မတိုက်လို့ မဖြစ်၍ တိုက်နေရကြောင်း၊ ရန်သူက အညံ့ခံလာရင် ခွင့်လွှတ်တဲ့စိတ်နဲ့ ပြုမူဆက်ဆံဖို့ စတဲ့ ဟန်ပြ ပြောဆိုမှုတွေကို မင်းဇေသန့်က ပြောကြားခဲ့ပါတယ်။

ဝါရာဇွပ် ပြည်သူ့စစ်ဟာ တနိုင်းလီဒိုလမ်းတကြောမှာ စစ်ကောင်စီနဲ့အတူ စစ်ဆင်ရေးတွေလုပ်ဆောင်နေတာဖြစ်ပြီး KIAနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လမ်းဖူးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆင်ရေးကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို အားပေး ထောက်ခံကြောင်း အောက်တိုဘာ ၄ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ကချင်သတင်းရင်းမြစ်တဦးက ခေါင်လန်ဖူး ဆန္ဒထုတ်ဖော်မှုမှာ ပြည်သူ့စစ်အဖွဲ့နဲ့ပတ်သက်သူတွေက လုပ်ဆောင်တာ ဖြစ်တယ်လို့ဆိုပါတယ်။ အခုလိုဆန္ဒထုတ်ဖော်ကြမယ်ဆိုတာဟာလည်း လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ကြိုသိနေရကြောင်းလည်း ပြောပါတယ်။

“သူတို့ရဲ့ အဖွဲ့တွေလုပ်နေကြတာ ဟုတ်တယ်။ တကယ် အမြင်ကျယ်တဲ့သူတွေက ဒါမျိုးမလုပ်ဘူး။ စစ်ကောင်စီက အတင်းအကြပ်ခိုင်းပြီးမှ ငွေပေးခိုင်းတာတွေလည်းပါမယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ဒေသသတင်းရင်းမြစ်တဦးကလည်း “ ခေါင်လန်ဖူးကတော့ ဆက်” ခေါင်” ဖို့ဘဲရှိမယ်။ စစ်အာဏာရှင်ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ကြတာ ကိုယ့်ဒေသကိုကာကွယ်တယ်၊ကိုယ့်လူမျိုးကို ကာကွယ်တယ် ထင်ကြရောပေါ့။ ဒီလိုအကြမ်းဖက် စစ်အာဏာရှင်တွေကိုထောက်ခံတဲ့ နေရာမှာ ငါတို့ရ၀မ်၀တ်စုံမြင်ရတာ ကျက်သရေမရှိဘူး။ သိပ်သနားဖို့ကောင်းတဲ့ လူတွေ” လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

KIAဟာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ၂၀၂၄ စစ်ဆင်ရေးအတွင်းမှာ သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တပ်နဲ့ ပြည်သူ့စစ်က ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၁၉ရက်မှာ လန်ဆယ်ဒေသ ပြန်ရဖို့ ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ KIA ပူးပေါင်းတပ်ရဲ့ ခုခံမှုကြောင့် တိုက်ပွဲတပတ်ပင်မကြာဘဲ စစ်ကောင်စီပူးပေါင်းတပ် အထိနာပြီး တပ်ပြန်ဆုတ်သွားရတာပါ။

ဆက်စပ်သတင်းများ