အောက်တိုဘာ-၄၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေဟာ တော်လှန်သီတင်းကျွတ်အကြို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေဒီကနေ့ (အောက်တိုဘာ ၄)မှာအသီးသီးပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်းရှိတော်လှန်ပြည်သူနဲ့ ကျောင်းသားလူငယ်တွေဟာ “ တော်လှန်အသိ၊ တော်လှန်သတိနဲ့ ဆီမီးသပိတ်” လို့ ပုံဖော်ကာ တော်လှန်သီတင်းကျွတ်အကြို ဆီမီးသပိတ်အဖြစ် စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေကြောင်းဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်းဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ခေတ်ဟောင်းချိုးဖျက်ဒို့မျိုးဆက် သပိတ်စစ်ကြောင်းတို့မှ ကျောင်းသားကျောင်းသူတွေနဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကိုလုံးဝလက်မခံကြောင်း၊ဆန့်ကျင်ကြောင်းနဲ့ လုံးဝ အုပ်ချုပ်ခွင့်မရစေကြောင်း လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
လူငယ့်အားမာန်သပိတ်ကော်မတီကလည်း ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာ၁၀ရွာခန့်မှာ “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့၊ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စာသားပါ စာရွက်တွေ လိုက်လံကပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ဖို့ နှိုးဆော်ခဲ့ပါတယ်။
ကလေးမြို့နယ်မှာလည်းလူထုတိုက်ပွဲဦးဆောင်ကော်မတီက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို့အတွက်လှုံ့ဆော်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းကလည်း စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း” သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။


















































