Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲနီးလာ၍ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှုပိုကျူးလွန်လာဟု NUG ပြော

အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၅ အောက်တိုဘာ ၄ရက်က ရှမ်းမြောက် နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အောက်တိုဘာ ၄ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် ဘက်ပေါင်းစုံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို မှတ်တမ်းတင်ထားကြောင်း အသိပေးထားပြီး စစ်အုပ်စုဟာ သူတို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအတွက် အားစိုက်ပြင်ဆင်နေသလို တဖက်မှာလည်း အကြမ်းဖက်မှုတွေ ပိုအရှိန်မြှင့်လုပ်ဆောင်နေတာလို့ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ အခုနှစ် စက်တင်ဘာလကုန်ပိုင်းအထိ အချက်အလက်တွေအရ စစ်ကောင်စီတပ် အာဏာသိမ်းပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၃၇၅၀ခန့် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ သေဆုံးသူ ၄၁၀၀ ကျော်ရှိကြောင်း အသိပေးပါတယ်။ သေဆုံးသူတွေအထဲမှာတော့ အသက် (၁၈) နှစ်အောက် ကလေးသူငယ် ၅၅၉ ဦး ပါဝင်ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း (၃၇၄ ) ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၁၂၉ ) ခုနဲ့ ဘာသာရေးအဆောက်အအုံ (၅၇၆) ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အခုအောက်တိုဘာလအတွင်း သပိတ်ကျင်း၊စဉ့်ကူး၊ မင်းတပ်၊ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ဆဒုံး၊မိုးကုတ်၊ကျောက်မဲ၊ ကျောက်တော်၊ ပလက်၀၊ သံတွဲ ၊ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံ၊ ရေဖြူစတဲ့ မြို့နယ်တွေအပါအဝင် နိုင်ငံတဝန်း အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြောင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်က ရွေးကောက်ပွဲ လုပ်မယ်လိုကြေညာထားပြီး တဖက်မှာလည်း ပြည်သူကို ရန်သူလို သဘောထား ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

“ရွေးကောက်ပွဲ နယ်မြေတွေကို လက်နက်ကြီး ပစ် ဗုံးကြဲတာ။ ခုတလော တော်တော်များများ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင်ဘက် တပ်မဟာ(၄)ဘက်မှာ ပိုလုပ်လာတယ်။ ဟိုတလောက ဆို ထားဝယ်ခရိုင်အတွင်း ထားဝယ်မြိုနယ် အပါအဝင် အခြားမြိုနယ်တွေကို Y12နဲ့ ကြဲတာ” လို့ သူက ပြောပါတယ်။

ချင်းညီနောင်တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမန်ကလည်း အောက်တိုဘာ ၄ရက်နေ့မှာ မင်းတပ်မြို့ ၂နေရာကို စစ်ကောင်စီ လေကြာင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိသလို နေအိမ်အဆောက်အဦး ပျက်စီးမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။

“ စစ်ကောင်စီကတော့ သူဟာသူ လုပ်စရာရှိတာလို့ ခံယူထားတာ လုပ်ရမယ်လို့ သူခံယူထားတာလုပ်မှာပဲ။ ဒါ ဘာကိုပဲ လုပ်ရလုပ်ရပေါ့။ ဒီတော်လှန်ရေးကာလမှာ သူလုပ်စရာရှိတာ သူလုပ်မယ် ကျနော်တို့လည်း ကျနော်တို့လုပ်စရာရှိတာ ကိုယ့်ဟာနဲ့ကိုယ် မျက်ခြေမပြတ် တစိုက်မတ်မတ် ကြိုးစားအားထုတ်နေဖို့ပါပဲ” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ Air-strike, Drone, Paramotor, Gynocopter စတဲ့ လေကြောင်း တိုက်ခိုက်မှု ပုံစံမျိုးစုံနဲ့ ပြုလုပ်နေတာလို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ဆက်တိုက်ကျူးလွန်လျက်ရှိပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၄၅၂ မှု အထိ ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်ထိ စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူပေါင်း (၄,၇၆၃) ဦး ရှိကြောင်း ထုတ်ပြန်ထားပြီး သေဆုံးရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၅၃၈ ယောက် ၊ အမျိုးသမီး ၈၂၉ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေပိုလုပ်နေလို့ လေကြောင်းသတိ၊ စစ်ရေးသတိရှိကြဖို့လည်းတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ