အောက်တိုဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က အောက်တိုဘာ ၄ရက်ည သန်းခေါင်အချိန်မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့က ည ၁၁နာရီ ၄၃ မိနစ်လောက်မှာ နေပြည်တော် အေလလေတပ်က တက်လာတဲ့ တိုက်လေယာဉ်ဟာ မင်းတပ်မြို့ပေါ် တနေရာကို ဗုံး ၂လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
“တယောက်ထိခိုက်မှု ရှိတယ်လို့ ကြားတယ်။ အသေးစိတ် မသိရသေးဘူး”လို့ သတင်းရင်းမြစ်က မင်းတပ်မြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရမှု အပေါ် ပြောပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပါဝင်တဲ့ ချင်းညီနောင် မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို အခါအားလျော်စွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လာရောက်လုပ်ဆောင်လေ့ရှိပါတယ်။
ယခုရက်ပိုင်းမှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်လာနေကြောင်း၊ ဒေသခံတွေ စိုးရိမ်စိတ်ဖြစ်ပေါ်စေဖို့ အခုလို လေကြောင်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်ကလည်း အောက်တိုဘာ ၃ရက်ည သန်းခေါင်ကျော်(အောက်တိုဘာ ၄ရက်မနက်အစောပိုင်း )မှာ စစ်တပ်က မင်းတပ်မြို့ ၂နေရာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ပြောထားပါတယ်။
” တနေရာကတော့ ဟိုတယ်ဇုန်ရှိတဲ့နေရာ တိုက်ခိုက်ခဲ့တာပေါ့။ အဲဒါမျိုးတွေမှာ ပျက်စီးတာက ဟိုတယ် အကြီးအကျယ် ပျက်စီးတာက လေးလုံး ငါးလုံးလောက်ရှိတယ်။ အနည်းငယ် ပျက်စီးတာလည်းပဲရှိပါတယ်” ဆလိုင်းယောမာန်က ပြောပါတယ်။
အောက်တိုဘာ ၄ရက်မနက်အစော လေကြောင်း တိုက်ခိုက်ခံရမှုမှာ ၃ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၁ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
အောက်တိုဘာ ၄ရက်ညပိုင်း လေကြောင်းတိုက်ခိုက်လာမှုကိုလည်း ဆလိုင်းယောမာန်က အတည်ပြုပါတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ ဆက်လက်မေးမြန်းထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ လက်လွှတ်ဆုံးရှုံးထားတဲ့နယ်မြေ၊ မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။






















































