■ကားပေါ်မှာ တရုတ်နိုင်ငံသားတချို့ပါဝင်ဟုဒေသခံတွေပြော
အောက်တိုဘာ-၅၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ တရုတ်နိုင်ငံသားတချို့လိုက်ပါလာတဲ့ အိမ်စီးကားတစ်စီးကယနေ့နံနက်ပိုင်းမှာ ဆိုင်ကယ်ကိုတိုက်မိပြီးမောင်းနှင်ထွက်ပြေးတာမှာ နောက်ထပ်ကားနဲ့ဆိုင်ကယ်တွေ၊လမ်းသွားလမ်းလာပြည်သူတွေကို တိုက်မိလို့ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
“ဗိုလ်ချုပ်လမ်းမှပေါ်မှာဖြစ်တာ။ ကားပေါ်မှာတရုတ် တွေပါတယ်။ရဲရောက်လာတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်လည်း ရောက်လာတော့ လူတော်တော်များများလှည့်ပြန်သွားကြတယ်” လို့ တာချီလိိတ်မြို့ခံတဦးကပြောပါတယ်

Public Service Announcement
တာချီလိတ်မြို့၊ဗိုလ်ချုပ်လမ်းမကြီးပေါ်မှအောက်တိုဘာလ၅ရက် နံနက် ၁၁နာရီခွဲခန့်ကအဆိုပါယာဥ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ ကားတိုက်မိပြီးသေဆုံးတဲ့ထဲမှာကလေးငယ်နဲ့ လူလတ်ပိုင်းအမျိုးသားတချို့လည်းပါတယ်လို့ သိရပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို တာချီလိတ်ဆေးရုံကိုခေါ်သွားတာတွေ့ခဲ့ရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူအရေအတွက်နဲဲ့ ဒဏ်ရာရရှိမှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။
“ရွှေတိဂုံဘုရားကနေ စတိုက်တာဗျာ။ မကာအိုခမ်းထဲက ကျောင်းရှေ့အထိရောက်လာတယ်။ ဝိုင်းဖမ်းတော့လည်းပြေးတာပဲ။ ဆက်မောင်းစရာမရှိတော့လို့ ရပ်သွားတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့တာချီလိတ်မြို့မှာ ကျားဖြန့်နဲ့လောင်းကစားလုပ်ငန်းတွေရှိနေပြီး အဲဒီလုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားအများအပြားရှိနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ကားပေါ်မှာလိုက်ပါလာတဲ့သူတွေကို ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပေမယ့် ဥပဒေအတိုင်းအရေးယူမှာမဟုတ်ဘူးလို့ မြို့ခံတချို့ကသူတို့ထင်မြင်ချက်ကိုပြောပါတယ်။
“သေတဲ့သူတွေသေသွားပြီ။ လျော်ကြေးပေးပြီး အမှုပိတ်လိုက်ရုံပဲ။ သူတို့ကပိုက်ဆံရှိတယ်။ စစ်တပ်က ငွေစားတယ်” လို့ မြို့ခံတစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။




















































