အောက်တိုဘာ-၅၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို စစ်ဆေးငွေညှစ်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး ၄ ဦးလုံး သေဆုံးကာ လက်နက်ခဲတွေပါ သိမ်းဆည်းခံလိုက်ရပါတယ်။
မနေ့က အောက်တိုဘာ ၄ ရက် မနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်းနဲ့ အက်တောအဝိုင်းပတ်မှာ အိမ်စီးကားတစီးနဲ့ ပြည်သူတွေကို စစ်ဆေးငွေညှစ်နေတဲ့ ရဲအရာရှိ ၃ ဦးနဲ့ ရဲတပ်သား ၁ဦးကို ပစ်ခတ်ခဲ့ရာမှာ ၄ ဦးလုံးသေဆုံးကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ငွေတောင်းနေတဲ့ရဲတွေကို အနီးကပ်သွားပစ်ခဲ့တာပါ။ စုစုပေါင်း မိနစ်နှစ်ဆယ်လောက်ပဲကြာတယ်။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် အဲဒီရဲတွေဆီက BA.63(ခေါ်) G3 ၂ လက်၊၉မမ ပစ္စတို ၁ လက်ပါ သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာပလဖအဖွဲ့က အသိပေးပါတယ်။
မုံရွာပလဖအဖွဲ့က ထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းအရ ကာကွယ်ရေးအဖွဲ့တွေဟာ ဆိုင်ကယ်နဲ့ အနီးကပ်သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရဲတွေဟာ ကားပေါ်မှာတင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တာတွေ့ရပါတယ်။
အဲဒီစစ်ဆင်ရေးကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ) နှင့် ကျောင်းသားတပ်တော် (SAF)၊မုံရွာခရိုင်တပ်ရင်း ၂ – ခွဲ(၃) ရွာဇော်ကြီးတော်လှန်သံ၊Budalin Mobile Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
မုံရွာမြို့ပေါ်မှာ စစ်အုပ်စုဟာ နေ့စဥ် ယာဥ်တွေနဲ့လှည့်လည်စစ်ဆေးပြီး ငွေညှစ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။


















































