Connect with us

Hi, what are you looking for?

သတင်း

လပြည့်နေ့မှာနမ္မတူနဲ့သီပေါကိုစစ်တပ်ဗုံးထပ်ကြဲ

သီတင်းကျွတ်လပြည့်နေ့ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက နမ္မတူနဲ့ သီပေါမြို့တို့ကို လေကြောင်းကနေ ဗုံးထပ်ကြဲသွားပါတယ်။

စစ်ကောင်စီတပ် ဒီနေ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ္မတူမြို့ ထိခိုက်ပျက်စီးမှုများကို တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

​အောက်တိုဘာ-၆၊၂၀၂၅။ လူအေး/People’s Spring

သီတင်းကျွတ်လပြည့်နေ့ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက နမ္မတူနဲ့ သီပေါမြို့တို့ကို လေကြောင်းကနေ ဗုံးထပ်ကြဲသွားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့တွေဖြစ်တဲ့ နမ္မတူနဲ့ သီပေါမြို့တို့ကို စစ်ကောင်စီက လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ဒီမနက် လေကြောင်းတိုက်ခိုက်မှုကြောင့် နမ္မတူမြို့ထဲက ပြည်သူလူထုရဲ့ နေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ မနက် ၇ နာရီ ၄၃ မိနစ်အချိန်မှာ နမ္မတူမြို့ မြို့မစျေးရပ်ကွက်(၂)ရှိ ပြည်သူလူထုတွေကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့်လူထိခိုက်​သေဆုံးမှု မရှိဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက်ကလည်း စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ဦး သေဆုံးခဲ့ပြီး ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နမ္မတူနဲ့ သီပေါမြို့တို့ကို ဒီနေ့ မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ အလွန်များပြားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“နှစ်မြို့စလုံးကို ၆မိနစ်အတွင်းဆက်တိုက်ကြဲသွားတာ။ အခါကြီးရက်ကြီး ဘယ်လိုဖြတ်သန်းရမယ်မသိတော့ဘူး”လို့ နမ္မတူမြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို ပြန်လည် သိမ်းယူပြီးနောက်ပိုင်း TNLA ထိန်းချုပ်မြို့တွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ သီပေါမြို့ကို အော်တိုဘာ ၄ရက်ကဗုံးကြဲတာမှာလည်း ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အအုံတွေ အပျက်အစီးများခဲ့ပါတယ်။

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဥပုသ်သီလဆောက်တည်ကြတဲ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပြီး အခုလိုဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် လူမှုကွန်ရက်သုံးစွဲသူတွေက အပြင်းအထန်​ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ