အောက်တိုဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီဟာအာဏာဆက်လက်တည်မြဲရေး ပိုမိုကြိုးပမ်းလာနေပြီး နိုင်ငံတဝှမ်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ စတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအား ဦးတည်တိုက်ခိုက်နေကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးပါတယ်။
အောက်တိုဘာ ၅ရက်က ဖြန့်ဝေခဲ့တဲ့ TNLA သတင်းပြန်ကြားရေးဌာနရဲ့ စက်တင်ဘာလစာစောင် အယ်ဒီတာ့အာဘော်မှာ အခုလို စစ်တပ်ရဲ့ လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေမှုကို မီးမောင်းထိုးဖော်ပြထားတာပါ။
“မြန်မာနိုင်ငံတဝှမ်းတွင် စစ်ကောင်စီသည် ၎င်းတို့ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်ချိန်တွင် ၎င်းတို့ကို ဆန့်ကျင်သည့် မည်သူ့မဆို ဦးတည်တိုက်ခိုက်ရန် အသင့်ပြင်နေပြီး ဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်မှု စသည့် စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုကို ရှောင်ရှားနိုင်ရန် လုံခြုံရေးသတိနှင့် လေကြောင်းကာကွယ်ရေးလမ်းညွှန်မှုများ လိုက်နာရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်”ဟု TNLA ရဲ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

Public Service Announcement
စစ်ကောင်စီဟာသူတို့မျှော်မှန်းထားတဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အင်အားကြီး နိုင်ငံတွေရဲ့ အကူအညီများ ရယူနေတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာမြေပုံ အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေးမူဝါဒအပြောင်းအလဲနဲ့ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲကြောင့် စစ်ကောင်စီ အုပ်စုအားကြီးမားတဲ့ပြောင်းလဲမှု ဖြစ်စေခဲ့တယ်လို့ TNLAက ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ နဲ့ ၂၀၂၄ အတွင်းမှာ စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်မှုတွေကြုံခဲ့ရပြီးနောက် စစ်သားစုဆောင်းမှုကို နည်းမျိုးစုံနဲ့ ပြုလုပ်ကာ တရုတ်၊ ရုရှားအပါအဝင် သူနဲ့နီးစပ်တဲ့နိုင်ငံတွေဆီက စစ်ရေးနဲ့ နည်းပညာအကူအညီတွေရယူနိုင်ခဲ့တာကြောင့် ၂၀၂၅ နွေကာလက စပြီး တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲနယ်မြေ တွေကို သတ်မှတ်ကြေညာပြီး သူတို့လက်လွှတ်ထားရတဲ့ မြို့နယ်တွေကိုသာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲ ကျင်းပဖို့နီးလာလေလေ ပြည်သူအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေပိုကျူးလွန်လာလေလေဖြစ်တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတဝန်း သူတို့ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အရပ်သား သေကြေပျက်စီးစေတဲ့ အကြမ်းဖက် ပြစ်မှုတွေက ကင်းလွတ်နိုင်ဖို့နိုင်ငံရေးထွက်ပေါက်လမ်းကြောင်းနဲ့ စစ်အာဏာရှင်စနစ်တည်မြဲစေဖို့ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်းလည်း TNLA ပြန်ကြားရေးဌာနက ပြောကြားထားပါတယ်။
သီတင်းကျွတ်လပြည့်နေ့အစောပိုင်းမှာ စစ်ကောင်စီဟာ နမ္မတူနဲ့ သီပေါမြို့တို့ကို လေကြောင်းကနေ ဗုံးထပ်ကြဲသွားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော်(TNLA)ထိန်းချုပ်မြို့တွေဖြစ်တဲ့ နမ္မတူနဲ့ သီပေါမြို့တို့ကို စစ်ကောင်စီက အောင်တိုဘာ ၆ ရက်နံနက်ပိုင်းမှာ လေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ္မတူမြို့ထဲက ပြည်သူလူထုရဲ့ နေအိမ် ၆လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။ မနက် ၇ နာရီ ၄၃ မိနစ်အချိန်မှာ နမ္မတူမြို့ မြို့မစျေးရပ်ကွက်(၂)ရှိ ပြည်သူလူထုတွေကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ ဖော်ပြပါတယ်။
ဒါပေမယ့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်လူထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒေသခံအချို့ကပြောပါတယ်။
အောက်တိုဘာ ၂ရက်ကလည်း စစ်ကောင်စီဟာ နမ္မတူမြို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ဦး သေဆုံးခဲ့ပြီး ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


















































