Connect with us

Hi, what are you looking for?

သတင်း

ဒီးမောဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းကို KNDFတိုက်ခိုက်ပြီး စစ်ကားတစီးဖျက်ဆီး

ကရင်နီပြည်နယ်၊ ဒီးမောဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ရာ စစ်ကားတစီးဖျက်ဆီးနိုင်ခဲ့ပြီး အရာရှိဟုယူဆရသူအချို့ သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(အောက်တိုဘာ၆ရက်)မှာ ထုတ်ပြန်ပါတယ်။

ကရင်နီ ၁၁၁၁ စစ်ဆင်ရေးကာလက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည့် KNDF ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF

အောက်တိုဘာ-၆၊ ၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ ဒီးမောဆိုနဲ့ ဖရူဆိုလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ရာ စစ်ကားတစီးဖျက်ဆီးနိုင်ခဲ့ပြီး အရာရှိဟုယူဆရသူအချို့ သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(အောက်တိုဘာ၆ရက်)မှာ ထုတ်ပြန်ပါတယ်။

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ နေ့စဥ်နီးပါးရှိနေတယ်လို့ KNDFရဲ့ တပတ်တာစစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီတပ်တွေထဲမှာ စစ်ကားတွေ ဖြန့်ခွဲစုဖွဲ့ထားပြီ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးသင်တန်းကျောင်းအနီးက ကျေးရွာတွေဘက်ထွက်ပြီး ဘောလခဲမြို့နယ်ကို ဦးတည်တဲ့ စစ်ကြောင့်တချို့လှုပ်ရှားနေတာကြောင့် ထိတွေ့မှုရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“လွိုင်ကော်ကနေ ဖရူဆိုကို စကစ ယာဥ်အစီးရေ ၅၀ နီးပါးလောက်ရောက်တယ်။လူရော၊ခဲယမ်းရော။ခဲယမ်းများတယ်လို့တော့ ကြားရတယ်။ရွေးကောက်ပွဲမတိုင်မီ ဘောလခဲကို လမ်းပေါက်အောင် စကစ ဘက်က ဖောက်မယ်လို့လည်းသိရတယ်”လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာနဲ့ တနန်းဥကွိုင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဆက်လက်စစ် ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်ဖြစ်နေပြီး စစ်ကောင်စီတပ်က ဒရုန်း၊လက်နက်ကြီးတွေနဲ့ အဓိကထားတိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။

“ထိတွေ့တိုက်ပွဲတွေတော့ နေ့တိုင်းလိုလိုပုံမှန်ဖြစ်နေပါတယ်။ စကစ ကတော့ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ရက်တိုင်း အနီးနားကရွာတွေကို လိုက်ချနေတာတွေရှိပါတယ်”လို့ ဒီးမော့ဆိုအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက တိုက်ပွဲအခြေအနေကို ပြောပါတယ်။

ကရင်နီ နဲ့ ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်၊မိုး​​ဗြဲမြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းစစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ဘက် လွိုင်လင်လေးဒေသက လင်ဖုံကြီးကျေးရွာအနီးမှာလည်း ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ KNDF နဲ့ သုံးရက်ဝန်းကျင် တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး ဒီကနေ့ထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

လွိုင်လင်လေးမြို့အခြေစိုက် ခမရ(၅၃၀)တပ်ရင်းကနေ အခုအောက်တိုဘာ ၃ ရက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ (၁၀)နှစ်အရွယ်ကလေးနှစ်ဦးထိမှန်ပြီး တဦးက ပခုံးနဲ့ ကျန်တစ်ဦးက လက်တစ်ဖက်ပြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတွေထဲက တပ်သားသုံးဦး ကရင်နီတပ်ဖွဲ့တွေထံ လက်နက်ခံယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံခဲ့ပါတယ်။လတ်တလောတိုက်ပွဲအခြေအနေတွေကြောင့် လေကြောင်း၊ဒရုန်းနဲ့လက်နက်ကြီး အန္တရာယ်ကို သတိရှိကြဖို့ နဲ့ မလိုအပ်ရင် ခရီးမသွားဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်းနဲ့ ရှားတောမြို့နယ်ကလွဲလို့ ကျန်မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ