အောက်တိုဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ထီးမဲ့ဘော(သဲချောင်းကြီး)ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
KNU အုပ်ချုပ်နယ်မြေ ကစယ်ဒိုမြိုနယ်(သရက်ချောင်းမြို့နယ်) တောင်ပျောက်ကျေးရွာအုပ်စု၊ ထီးမဲ့ဘော(သဲချောင်းကြီး)ရွာကို စစ်ကောင်စီက အောက်တိုဘာ ၅ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် (၉၁)နှစ်အရွယ် အဘွားအို၊ (၁၀)နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ဦး ဒဏ်ရာရခဲ့တာပါ။

Public Service Announcement
“တိုက်ပွဲမရှိဘဲ ရွာထဲကို စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီးတော့ လေယာဉ်ဗုံးကြဲတာ။ ဒါကို ကြည့်ရရင် သူတို့က ငြိမ်းချမ်းရေး လိုချင်တယ်လို့ ပြောတာပဲရှိတယ် တကယ့်လက်တွေ့မှာ သူတို့ လုပ်ဆောင်တဲ့အရာတွေက တခြားစီပဲ”လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာပြီးနောက်ပိုင်း KNU မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေရှိ ပြည်သူလူထုကို ပစ်မှတ်ထား ပြီး ရန်သူသဖွယ် တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာလို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲဟာ စစ်တပ် အာဏာသက်ဆိုးရှည်စေဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ လည်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တနင်္သာရီ၊ ကရင်၊ ကချင်၊ ရှမ်းမြောက်၊ ရက္ခိုင်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းမှာ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူ အများအပြား သေဆုံးထိခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
















































