အောက်တိုဘာ-၆၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ၃၂လမ်းက Beauty Land Hotel မှာ အမျိုးသမီးတဦးကို အပိုင်းပိုင်းဖြတ်တောက် ခုတ်ထစ်ထားတဲ့ လူသတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၃၁ လမ်းဘက်ကနေ လက်ကြီးလှမ်းမြင်လို့ စသိတာလို့ ကြားတယ်။ အလောင်းကတော့ မနက် ၈နာရီလောက်ကတည်းကသယ်သွားတယ်တဲ့”လို့ ၃၂ လမ်းအနီးမှာ ဈေးရောင်းနေသူတဦးကပြောပါတယ်။
ဟိုတယ်ရဲ့ ငါးလွှာ အခန်း(၅၀၂)မှာ အမျိုးသမီးတဦးကို အပိုင်းပိုင်းဖြတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ပြတင်းပေါက်က ပစ်ချတာကို ဘောင်ပေါ်တင်နေတာဖြစ်နိုင်တယ်” ဒေသခံတဦးက မှတ်ချက်ပေးပါတယ်။
လူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီး နေ့လည်ပိုင်းအထိ ရဲတွေက အဲဒီ့ဟိုတယ်မှာရှိနေတာကို တွေ့ခဲ့ရပါတယ်။
“တော်တော်ကြောက်စရာကောင်းတယ်။ အရင်က နိုင်ငံခြားတွေမှာပဲကြားဖူးတာ”လို့ အမျိုးသမီးတဦးက ပြောပါတယ်။
လူသတ်မှုဖြစ်စဉ်ဖြစ်တဲ့ ဟိုတယ်က အချိန်ပိုင်းတည်းခိုလို့ရသလို မှတ်ပုံတင်မပေးပဲ အပိုကြေးပေးပြီး တည်းခိုလို့ရတာကြောင့် လူသတ်မှုစုံစမ်းရာမှာ အခက်အခဲတွေရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
(Beauty Land Hotel မှာ သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်း ပြတင်းပေါက်မှာ တင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)


















































