အောက်တိုဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာလို့ ကလေးငယ် ၁ဦး အပါ၀အင် ၃ဦး ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့မနက် ၇နာရီ ၄၀မိနစ်လောက်မှာ သီပေါမြိုတွင်းရှိ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးထဲသို့ ပေါင် (၂၅၀) ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရခဲ့ပြီး မိုက်ခရိုဝေ့ပ်အဆောက်အဦးနဲ့ နေအိမ် ၁လုံး ပျက်စီးခဲ့တယ်လိ့ အသိပေးပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်မှာပဲ နမ္မတူမြို့ မြိုမစျေး ရပ်ကွက်(၂)ရှိ ပြည်သူလူထုနေထိုင်ရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့လို့ နေအိမ် ၆လုံး ပျက်စီးခဲ့ပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း သီပေါမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
မကြာသေးမီက ကျောက်မဲမြို့ကို ပြန်လည် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်က နောက်ထပ် TNLA ထိန်းချုပ်မြို့ဖြစ်တဲ့ သီပေါကို ဆက်လက်ထိုးစစ်ဆင်ဖို့ သတင်းတွေနဲ့အတူ စစ်ကောင်စီက လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ကိုလည်း စစ်ကောင်စီ လေကြောင်း ဗုံးကြဲခဲ့လို့ ကလေးငယ် ၂ဦး သေဆုံးကာ ကလေးငယ် ၆ဦး အပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေလိုက်နာရန် TNLAက မကြာခဏ နှိုးဆော်လျက်ရှိပါတယ်။
စစ်ကောင်စီတပ်ဟာ TNLAသိမ်းပိုက်ဒေသတွေကိုသာမကဘဲ အခြားတိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာတွေကိုလည်း လူအင်အား၊ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း တွေအသုံးပြု တိုက်ခိုက်လျက်ရှိပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာဆက်လက်တည်မြဲရေး ပိုမိုကြိုးပမ်းလာနေပြီး မြန်မာနိုင်ငံတဝှမ်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ စတဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအား ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ TNLAက အောက်တိုဘာ ၅ရက်မှာ ဖြန့်ဝေခဲ့တဲ့ လစဉ်စာစောင် အယ်ဒီတာ့အာဖော်မှာ ရေးသားထားပါတယ်။
(သီပေါမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ – TNLA)

















































