အောက်တိုဘာ၇ရက်၊၂၀၂၅။လူအေး/People’s Spring
တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ဒီနေ့(အောက်တိုဘာ၆ရက်) နေ့လည်ပိုင်းမှာ မိုင်းလုံမြို့ကို ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးအပါအ၀င်အရပ်သား ၁၀ဦး သေဆုံးခဲ့ပါတယ်။
မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာကို ဒီကနေ့ နေ့လည် ၁၂နာရီခွဲမှာ ပေါင်၂၅၀ဗုံး နှစ်လုံးကြဲတာလို့ TNLAက သတင်းထုတ်ပြန်ပါတယ်။
အသက်(၂)နှစ်အရွယ်ကလေးငယ်တဦးနဲ့ (၂၂)နှစ်ကနေ (၃၇)နှစ်ကြား အမျိုးသားနဲ့ အမျိုးသမီး ၉ဦး သေဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒေသခံ သုံးဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

Public Service Announcement
TNLAဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့၊ သီပေါ၊နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊နမ့်ခမ်း၊မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့ကိုသိမ်းယူခဲ့တာပါ။
၂၀၂၅ နှစ်လယ်ပိုင်းမှာ စစ်ကောင်စီကပြန်ပြီး စစ်ကြောင်းထိုးလို့ ပြီးခဲ့တဲ့ဇူလိုင်မှာ နောင်ချိုမြို့ကိုလက်လွတ်ဆုံးရှုံးခဲ့ပါတယ်။ ကျောက်မဲမြို့ကိုလည်းအောက်တိုဘာ ၁ရက်မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေအနက် နမ္မတူ၊ မန်တုံ၊သီပေါ၊ မိုးကုတ်၊ ကျောက်မဲမြို့တွေကို ဗုံးဆက်တိုက်ကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီက နမ္မတူမြို့၊ ရက်ကွက်(၈)က ပုဗ္ဗာရုံဘုန်းကြီးကျောင်းကိုလည်း လေကြောင်းကနေ ဗုံးကြဲခဲ့ပါသေးတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောာင့် ပုဗ္ဗာရုံဘုန်းကြီးကျောင်းဆောင် ပျက်စီးခဲ့ပါတယ်။




















































