အောက်တိုဘာ ၇၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာမှာ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းနေတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်က ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၉ ဦးသေဆုံးခဲ့ပြီး ၄၀ဦး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဘုံတိုရွာမှာရှိတဲ့ မူလတန်းကျောင်းကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ညက စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ အောက်တိုဘာ ၈ ရက်မှာ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အတည်ပြု သတင်းထုတ်ပြန်ပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေလာတဲ့ စစ်ကောင်စီရဲ့ စက်တပ်လေထီး(Paramotor)နဲ့ ၁၂၀ မမ ဗုံးသီး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသနေတဲ့ ည ၁၁ နာရီအချိန်မှာ ထပ်မံပြီး စက်တပ်လေထီး၂ စီးနဲ့ ၁၂၀ မမ ဗုံးသီး ၂ လုံးကို စာသင်ကျောင်းပေါ်တည့်တည့် ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ အသက်(၁၈) နှစ်အောက် ကလေးငယ် ၃ ဦး၊ သပိတ်ဦးဆောင်ကော်မတီမှ လူငယ် ၄ဦးအပါအဝင် အမျိုးသား ၁၄ဦးနဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၉ ဦးတို့ သေဆုံးခဲ့ပါတယ်။ သေဆုံးသူများထဲမှာ အသက် (၂)နှစ်အရွယ် ကလေးငယ် တဦး ပါဝင်ပြီး ကိုယ်လက်အင်္ဂါများ ပြတ်ထွက်သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးပါတယ်။
ဒါ့အပြင် အသက်(၁၈)နှစ်အောက် ကလေးငယ် စုစုပေါင်း ၂၀ဦး ၊ အမျိုးသား ၁၃ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း အရပ်သားပြည်သူ ၄၀ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူတွေနဲ့ ထိခိုက် ပြည်သူတွေဟာ ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေဖြစ်တယ်လို့ ထပ်မံအသိပေးပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကျောင်းဆောင် ၂ ဆောင်၊ မော်တော်ယာဉ် ၁စီး၊ ဆိုက်တွဲ ၂ စီး၊ ဆိုင်ကယ် ၄စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဒေသခံ ပြည်သူတွေက ဆန္ဒဖော်ထုတ်တဲ့နေရာဖြစ်သလို ဗုံးကြဲတိုက်ခိုက်ချိန်ဟာလည်း သီတင်းကျွတ်လပြည့်နေ့အတွက် ဒေသခံတွေနဲ့ ကလေးငယ်တွေ သီတင်းကျွတ်လပြည့်နေ့ ဆီမီးထွန်းဆုတောင်းရန် ပြုလုပ်နေချိန်လည်းဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ကြေညာပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ဖိအားပေးကြိုးပမ်းမှုတွေ ပြုလုပ်နေသလို တဖက်မှာလည်း အကြမ်းဖက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေကာ ပြည်သူတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကြမ်းဖက်ဖိအားပေးကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာလို့ ၎င်းဌာနက မှတ်ချက်ပြုပါတယ်။
ရွေးကောက်ပွဲနီးကပ်လာလေလေ မြင့်တက်လာလေလေဖြစ်တဲ့ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးဖို့ ကြိုးစားနေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပမှ အုပ်စုများ အနေနဲ့ ဒီဖြစ်ရပ်တွေကို မျက်ကွယ်ပြုထားပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို တားဆီးဟန့်တားမှု မပြုလုပ်ခဲ့ရင် စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေကို ဒီ့ထက်ပိုမိုအရှိန်မြှင့် ပြုလုပ်လာမှာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထပ်မံအသိပေးပါတယ်။
အာဏာတည်မြဲရေးကိုသာဦးတည်ပြီး လူထုအပေါ် အခါကြီးရက်ကြီးနဲ့ ဘာသာရေးအထွဋ်အမြတ်ထားရာနေ့ရက်တွေပါမကျန် အကြမ်းဖက်နေတဲ့ စစ်ကောင်စီရဲ့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူခံရနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့လည်းအစွမ်းကုန်ကြိုးပမ်းအားထုတ်မှာဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ထိခိုက်သူတွေထဲမှာ ခြေလက်အင်္ဂါဆုံးရှုံးသူတွေလည်း များစွာရှိနေပြီး လက်ရှိဆေးကုသမှုခံယူနေရကာ အကူအညီတွေလည်း လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ရဲဘော် ၂ဦး၊ ကျောင်းဆရာတဦးတို့နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တချို့ပါ သေဆုံးခဲ့ရပါတယ်။
















































