အောက်တိုဘာ-၁၁၊ ၂၀၂၅။ ရှိုင်း/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က အာရက္ခဒေသအတွင်း ကြည်း၊ ရေ၊ လေပူးပေါင်းစစ်ဆင်ရေးများပြုလုပ်လျက်ရှိနေပြီး ကျောက်ဖြူမြို့နယ်အတွင်းထိုးစစ်များကို အခုနှစ်မတ်လဆန်းက စတင်ပြီး ကြိမ်ဖန်များစွာပြုလုပ်ခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးများကိုသာ ရင်ဆိုင်ခဲ့ရကြောင်း အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပြန်ပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုရန်ကို အထူးသတိပြုဖို့ စစ်ရေးသတိရှိဖို့ ထပ်လောင်းနှိုးဆော်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး နှစ်နှစ်နီးပါး ကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်များအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အချက်အချာကျတဲ့နေရာအချို့နဲ့ မြို့ရွာတွေကို ပြန်လည်သိမ်းပိုက်ရယူဖို့ မြန်မာနိုင်ငံအနှံ့ ထိုးစစ်ကြီးတွေ လုပ်ဆောင်နေတဲ့ အပေါ် AA ထိန်းချုပ်ဒေသ စစ်ရေး အခြေအနေကို အခုလိုအသိပေးခဲ့တာဖြစ်ပါတယ်။

Public Service Announcement
AA အနေနဲ့လည်း အာရက္ခဒေသအတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်ရယူဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ခဲ့သလို စစ်ကောင်စီကလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာတွေထဲက အချို့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ဖို့ ပြင်ဆင်လျက်ရှိကြောင်း အသိပေးထားပါတယ်။
ဒါ့အပြင် အာရက္ခဒေသနဲ့ နယ်မြေ ချင်းထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း)တွေမှာ စစ်ကောင်စီရဲ့ ထိုးစစ်တိုင်းကို ကြံ့ကြံ့ခံပြီး တန်ပြန်ထိုးစစ်ဆင်လျက်ရှိတာကြောင့် တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်နေတယ်လို့ အသိပေးပါတယ်။
နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော နေရာ (၅)ခုမှာ အပြန်အလှန်ထိုးစစ်တွေနဲ့အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကိုလည်း AAက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ အာရက္ခဒေသက မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်တာ အပြင် ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေကနေ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေအတွင်း ရမ်းသမ်းတိုက်ခိုက်နေတာလို့ဆိုပါတယ်။
ဒါ့အပြင် ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြတဲ့ ရေလုပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ အခုရက်တွေအတွင်းဆက်တိုက်ပြုလုပ်လာနေကြောင်း ထုတ်ပြန်ပါတယ်။
ဖြစ်စဉ် အချို့ကိုလည်း ဖော်ပြခဲ့ရာ စက်တင်ဘာ ၆ရက်မှာ သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာက အရပ်သား ရေလုပ်သားပြည်သူ (၄)ဦး ပင်လယ်ပြင်ကမ်းနီး မှာ ငါးဖမ်းနေစဉ် စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံခဲ့ရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃ရက်ကလည်း ကျောက်ဖြူမြို့၊ ဆားပြင်ကွင်း ရပ်ကွက်မှ အပြစ်မဲ့ ရေလုပ်သားပြည်သူ (၂၀) ကျော်အား စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်းဖော်ပြထားပါတယ်။
အရပ်သားပြည်သူနေထိုင်ရာနေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထားကာ ရေကြောင်း၊ လေကြောင်းတို့က တိုက်ခိုက်နေကြောင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၄ရက်က စစ်ကောင်စီ သင်္ဘောတွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့လို့ သံတွဲ ငပလီကမ်းခြေအနီးနဲ့ လင်းရိုးတောင်ပေါ် လက်နက်ကြီး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလမှာ သံတွဲမြို့ပေါ်က အရပ်သားတွေနေထိုင်ရာတွေကို ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်ခဲ့လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရသလို ကိုယ်ဝန်ဆောင်မိခင် (၁) ဦးနဲ့ အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် ၄ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။
စက်တင်ဘာ ၂၉ရက်ကလည်း စစ်သင်္ဘောတွေက သံတွဲမြို့နဲ့ မြို့ ပတ်ဝန်းကျင်နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၉ရက်က ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာ အနောက်ဘက်ရှိ ပင်လယ်ပြင်မှ စစ်သင်္ဘောတွေက လက်နက်ကြီး ၁၁ကြိမ် တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။
အဲဒီနေ့မှာဘဲ သံတွဲ (ငပလီ)ကမ်းခြေ မျက်နှာချင်းဆိုင်မှာ အထိုင်ချထားတဲ့ စစ်သင်္ဘောတွေက သံတွဲမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သလို သံတွဲ ၊ ဂွ မြို့ပေါ် Y8 ၊ Y12 လေယာဉ်တွေနဲ့ (၄)နာရီခန့်ကြာ မရပ်မနား ဆက်တိုက်ဝဲပျံနေခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၀ရက် မနက်မှာတော့ သံတွဲမြို့အနီးပတ်ဝန်းကျင်အား ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။
ဒါကြောင့် ပင်လယ်ကမ်းနီး မြို့၊ ရွာတွေက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြဖို့၊ စစ်ရေးသတိရှိကြဖို့ AAက ထပ်လောင်းအသိပေးခဲ့ပါတယ်။
















































