Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေနဲ့ မြန်မာစစ်တပ်ခေါင်းဆောင်တွေ ပတ်သတ်နေဟု NUGပြော

ကျားဖြန့်လုပ်ငန်းအချို့ ဝင်ရောက်စီးနင်းသယောင် ဟန်ပြလုပ်ဆောင်မှုကို ကြည့်ပြီး စစ်တပ် လှည့်ကွက်ထဲ မဝင်မိစေဖို့ သတိပေး

KK Parkရဲ့ အဆောက်အဦးတချို့ကို စစ်ကောင်စီတပ်က ဟန်ပြဖောက်ခွဲဖျက်ဆီးမှု လုပ်နေစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ/၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

မြန်မာနိုင်ငံနဲ့ အာဆီယံအဝန်းအဝိုင်းသာမကဘဲ ကမ္ဘာ့နိုင်ငံအသီးသီးက ကမ္ဘာသူ ကမ္ဘာသားတွေအားလုံးကို ဒုက္ခပေးနေတဲ့ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေနဲ့ မြန်မာ့အကြမ်းဖက်စစ်တပ် ခေါင်းဆောင်တွေ ပတ်သက်ဆက်နွယ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၈ရက်မှာ ပြုလုပ်တဲ့ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ်မှာ အခုလို ကျားဖြန့် ကိစ္စကို ထည့်သွင်းပြောကြားခဲ့တာပါ။

“တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ ကိုးကန့် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဝေဆန်း (ဝေဟွိုင်ရန်)ရဲ့ ထွက်ဆိုချက် တွေမှာ စစ်အုပ်စု ရဲ့ ကာကွယ်မှု နဲ့ ခွင့်ပြု ချက်တွေရရှိခဲ့ကြောင်း၊ အွန်လိုင်းလိမ်လည်မှုစင်တာတွေ ကို ကာကွယ်ဖို့အတွက် လိမ်လည်ရရှိတဲ့ငွေ ရဲ့ တစ်စိတ်တစ်ပိုင်း ကို စစ်အုပ်စု ကို ပေးဆောင်ခဲ့ရကြောင်း အဓိပ္ပာယ်သက်ရောက်တဲ့ အချက်တွေထွက်ဆိုထားတာကို ကြည့်ရင် အကြမ်းဖက်စစ်တပ်ဟာ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပံ့ပိုးမှုရှိကြောင်း သက်သေတွေက ထင်ရှားတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း က ဒီ ရာဇဝတ်လုပ်ရပ်တွေကို ရပ်တန့်ဖို့ စစ်အုပ်စု အပေါ် ယခုထပ်ပိုပြီး ပိတ်ဆို့အရေးယူဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံအနှံ့၊ အထူးသဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတွေမှာ အများဆုံး အခြေစိုက် ဖြစ်ပွားနေတဲ့ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းကဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြုချီးကျူးဂုဏ်ပြုသလို ပူးပေါင်းဆောင်ရွက်ဖို့လည်း အမြဲအသင့်ရှိကြောင်း အသိပေးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းတွေ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း ပြောပါတယ်။

ဒါ့အပြင် မကြာသေးမီက စစ်အုပ်စုက ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ ခြေကုပ်နယ်မြေ KK Parkကို ဝင်ရောက်စီးနင်းခဲ့မှု ဖြစ်ရပ်ဟာလည်း ဟန်ပြလုပ်ရပ်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ရှင်းပြပါတယ်။

“အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းအချို့ကို စစ်တပ်က ဝင်ရောက်စီးနင်းသယောင် အယောင်ပြဆောင်ရွက်ပြတာတွေကိုကြည့်ပြီး စစ်တပ်ရဲ့ လှည့်ကွက်ထဲ မဝင်မိကြဖို့ အရေးကြီးပါတယ်။ နယ်ခြားစောင့်တပ်တွေဟာ မြန်မာစစ်တပ်ရဲ့ လက်အောက်ခံတပ်တွေဖြစ်တာကြောင့် ဒီ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုရှိနေတာကို သိမြင်ပြီး ဒီအရင်းအမြစ်ကို ဖြတ်နိုင်ကာမှ ဒီကိစ္စတွေ ချုပ်ငြိမ်းမှာ” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေ ကမ္ဘောဒီးယား နိုင်ငံဘက်ခြမ်းကို လိမ်လည်ခံရပြီး လူရောင်းဝယ်ခံရမှု၊ အဓမ္မလုပ်အားပေးစေခိုင်းစေခံရမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေကို အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေမှာ ကျူးလွန်ခံနေရကြောင်းနဲ့ ကူညီကယ်ဆယ်ပေးဖို့ အကူအညီတောင်းစာတွေ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) က ဆက်တိုက် လက်ခံရရှိနေတယ်လို့ သိရကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

“Online က ခေါ်တဲ့ အလုပ်တုတွေကို အထူးစိစစ်ပြီးမှ အလုပ်သွားလုပ်ကြဖို့နဲ့ ကျားဖြန့်နဲပတ်သက်ပြီး အထူးသတိရှိကြဖို့ ကျွန်တော်တို့ မြန်မာပြည်သူတွေကို အထူးသတိပေးပြောကြားလိုပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း အောက်တိုဘာ ၂၆ရက်မှာ ကြေညာချက် ထုတ်ပြန်ပြီး စစ်အုပ်စုဟာ မြန်မာနိုင်ငံရှိ အွန်လိုင်း ငွေလိမ် ဂိုဏ်းတွေက အကျိုးအမြတ်ရနေတာ ဖြစ်ကြောင်း ဖော်ပြပါတယ်။

အဲဒီလို အကျိုးအမြတ်ရနေတာကို ဖုံးကွယ်ချင်လို့ ကျားဖြန့် လုပ်ငန်းကို KNUက မြေငှားရမ်းတာ၊စောင့်ရှောက်ခ ယူတာလို့ စစ်အုပ်စုက မဟုတ်မမှန် သတင်းတွေနဲ့ စွပ်စွဲနေကြောင်း ဖော်ပြပြီး KK Park အွန်လိုင်ငွေလိမ်လုပ်ငန်းတွေနဲ့ လုံး၀ မသက်ဆိုင်ကြောင်း KNUက ရှင်းလင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။