အောက်တိုဘာ ၃၀၊၂၀၂၅၊မေ/ People ‘s Spring
မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားမှာ လကုန်ရက်ပိုင်းအတွင်းကုန်ကားသမားတွေကိုပစ်မှတ်ထားပြီး စစ်သား စုဆောင်းတာကြောင့်ကုန်ကားအချို့ ပြေးဆွဲတာကိုရပ်နားထားရတယ်လို့ ယာဉ်မောင်းတွေထံကသိရပါတယ်။
လတစ်လရဲ့ လကုန်ရက်တွေမှာ စစ်ကိုင်းတံတားမှာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားက ယာဉ်အကူ အမျိုးသားတွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီး စစ်တပ်ထဲ ထည့်တာလို့ သိရပါတယ်။
“လကုန်ခါနီးတစ်ပတ် ကျော် လောက်ဆို ခင်ဗျားတို့ ဘယ်တော့ မှစစ်ကိုင်းတံတား ဝန်းကျင်ကို မသွားနဲ့ ၊လူပြည့်အောင်အကုန်ဆွဲတယ်”လို ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီလို စစ်သားစုဆောင်းတာကို လတစ်လရဲ့နောက်ဆုံးရက်သတ္တပတ်ကနေ လဆန်း ပထမ ရက်သတ္တပတ်အတွင်း လုပ်ဆောင်လေ့ရှိတာလို့သိရပါတယ်။
အိမ်စီးကားနဲ့ ခရီးသွား နေသူတွေကို တော့ စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်သူတွေဖြစ်မှာ စိုးရိမ်တာကြောင့် ကုန်ကားသမား တွေကိုပဲ ပစ်မှတ်ထားတာလို့ ယာဉ်မောင်းတွေက ယူဆနေကြပါတယ်။
“စပယ်ယာလည်း မရဘူအကုန်ဆွဲချတယ်၊သူတို့က ကုန်ကားလိုက်ပါဖမ်းရင် အဲဒီကားသမား ရော၊စပယ်ယာ ရော အကုန် စစ်ထဲလိုက်ပဲ။ဘယ်ပုဒ်မနဲ့မှ အရေးမယူဘူး၊စစ်ထဲပဲထည့်တာ”လို့ ကုန်ကား မောင်းသူတဦးက ပြောပါတယ်။
မန္တလေးမြို့မှာ လာမယ့်စစ်မှုထမ်း အပတ်စဉ်အတွက် လူသစ်စုဆောင်းတာတွေကို စတင်နေတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုကိုလူငါးထောင်နှုန်းခေါ်ယူမယ်လို့ကြေညာထားတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ အပတ်စဉ် (၁၇) ကို စတင်ထားပါတယ်။
အပတ်စဉ် (၁၅) အထိ သင်တန်းဆင်းထားပြီးဖြစ်တဲ့အတွက် စစ်ကောင်စီတပ်အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၇၅,၀၀၀ ရရှိထားပြီလို့ အကြမ်းဖျင်းခန့်မှန်းရပါတယ်။
စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနေရာတွေ ဆီ စေလွှတ်နေပြီး တိုက်ပွဲကျသူတွေရှိသလို လက်နက်ချ အလင်းဝင်လာသူတွေ လည်းရှိနေပါတယ်။


















































