နိုဝင်ဘာ – ၁ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ကနေ ကတိုင်တိတပ်စခန်းဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KNU တပ်မဟာ (၅) ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လန်ကျသွားတယ်လို့တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာလ၃၀ ရက်မှာကမမောင်းမြို့၊ဝါးဒူးကျေး ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ကတိုင်တိစခန်းဘက်စစ်ကူပေးပို့နိုင်ဖို့အတွက် ကမမောင်း-ဖာပွန်လမ်းအတိုင်း တက်လာရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
KNU တပ်မဟာ(၅) ပူးပေါင်းတပ်တို့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ရှေ့ဆက်မတိုးနိုင်ပဲ ပြန်လန်ကျသွားတယ်လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက အသိပေးပါတယ်။

Public Service Announcement
“ကမမောင်းကနေပြီးတော့ တက်လာတဲ့ စစ်ကူစစ်ကြောင်းပေါ့နော်၊ အဲ့ဒီစစ်ကူစစ်ကြောင်းကတော့ ဝါးဒူးမှာပဲရှိသေးတယ်၊ အပေါ်တော့မတက်လာသေးဘူး၊ ဒါပေမယ့် တနေ့ကတော့ သူတို့(စစ်တပ်)ကြိုးစားပြီးတော့ တက်လာသေးတယ်၊ဒါပေမယ့် ဒီဘက်ကနေတိုးပြီးတော့မှ သူတို့ပြန်လှန်ကျသွားတယ်၊ ပြီးတော့ အဲ့ဒီဝါးဒူးမှာပဲ ပြန်နေတယ်လို့ ဒီဘက်ကနေ သတင်းပေးပို့တာတွေ သိရတယ်ပေါ့” လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ကမမောင်း-ဖာပွန်လမ်းပေါ်မှာရှိတဲ့ ကတိုင်တိစခန်းထဲမှာ စစ်ကောင်စီတပ်အင်အား ရာဂဏန်း ရှိပြီး အဲဒီ စခန်းဆီ စစ်ကူပေးပို့နိုင်ဖို့အတွက် ကမမောင်းမြို့ကနေတစ်ဆင့် စစ်ကောင်စီတပ်က စစ်ကြောင်းအကြိမ်ကြိမ်ထိုးခဲ့ပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် ရှေ့ဆက်တိုးလို့မရပဲ ဝါးဒူးကျေးရွာမှာ အခြေချတပ်စွဲထားတာပါ။
ကမမောင်းမြို့နဲ့ ကတိုင်တိရွာဟာ Google Map ရဲ့ အကွာအဝေးတိုင်းထွာချက်အရ ၂၁ မိုင် ဝေးပြီး ဝါးဒူးရွာက အဲဒီလမ်းပိုင်းပေါ်မှာတည်ရှိတာပါ။
ဝါဒူးရွာကတော့ ကမမောင်းမြို့ပေါ်ကနေဆိုရင် ၇ မိုင်သာဝေးပါတယ်။


















































