နိုဝင်ဘာ – ၉ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Sping
ကရင်ပြည်နယ်၊မြဝတီမြို့နယ်ထဲကမယ်ထော်သလေးနယ်မြေမှာတည်ရှိတဲ့ KK Park ကျားဖြန့် ဝင်းထဲက အဆောက်အဦး ၁၀၀ ကျော်ကို ဖြိုချဖျက်ဆီးလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
ထိုင်း – မြန်မာနယ်စပ် သောင်ရင်းမြစ် အနီးမှာရှိတဲ့ KK Park ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း စီးနင်းခဲ့ပြီးနောက် အဆောက်အဦးတွေကို မိုင်းဆင်ပြီး ဖြိုချတာ ၊ စက်ယန္တယားတွေသုံးပြီုး ဖျက်ဆီးတာတွေ ပြုလုပ်နေတာပါ။
KK Park မှာအဆောက်အဦးတွေ၊ဟိုတယ်တွေ၊စျေးဆိုင် ၊စားသောက်ဆိုင် ၊ ဆေးရုံ အပါအဝင်အဆောက်အဦး ၁၄၈ လုံး ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

Public Service Announcement
KK Park မှာ လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားတွေကတော့ ထိုင်းဘက်ခြမ်းကို ထွက်ခွာသွားကြတယ်လို့လည်းစစ်ကောင်စီက ဆိုထားပါတယ်။
ထိုင်း – မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက ကျားဖြန့်လို့ လူသိများတဲ့ အွန်လိုင်းငွေလိမ် စင်တာတွေဟာ နှိမ်နင်းနေတဲ့ကြားကနေ ကြီးထွားလာနေပြီး အဆောက်အဦးတွေပေါ်မှာ စတားလင့်ခ်( Starlink) ဂြိုဟ်တု အင်တာနက် စက်တွေ အများအပြား တပ်ဆင်ထားတယ်ဆိုတာကို AFP သတင်းဌာနက ပြီးခဲ့တဲ့လက သတင်းဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။
အဲဒီနောက်အမေရိကန်ကွန်ဂရက်ရဲ့စီးပွားရေးကော်မတီကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့ကြေညာလာပြီးနောက်မှာပြီးခဲ့တဲ့ အောက်တို ဘာလအတွင်း စစ်ကောင်စီတပ် က KK Park ကို အချိန်ကိုက် ဝင်စီးတာတွေ လုပ်ပြခဲ့တာပါ။
မြဝတီမြို့ခံသတင်းရင်းမြစ်ကတော့ KK Park ကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးတာဟာ BGF နဲ့ကြိုတင်ညှိနှိုင်းပြီးမှဟန်ပြသဘောလောက် သာ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
KK Park ဟာ စစ်ကောင်စီတပ်လက်အောက်ခံ BGF ထိန်းချုပ် နယ်မြေထဲမှာ တည်ရှိတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာစစ်ကောင်စီ ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice For Myanmar အဖွဲ့ကလည်း KK Park ကို စီးနင်းမှုဟာ အာဆီယံ အစည်းအဝေးမတိုင်ခင် အချိန်ကိုက်လုပ်ဆောင်တဲ့ အယောင်ပြစီးနင်းမှုဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
KK Park ကို KNU နဲ့ ပတ်သက်ဆက်နွယ်တယ်လို့ စစ်ကောင်စီက စွပ်စွဲရာမှာ KNU က ပယ်ချထားပြီး ပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ ကြေညာ ချက် ထုတ်ထားပါတယ်။
ဒါအပြင် စစ်တပ် နဲ့ စစ်တပ်လက်အောက်ခံ BGF ၊ စစ်တပ်နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ DKBA တွေ အဓိက လုပ်ကိုင်နေတယ်လို့ အမေရီကန် ၊ဗြီတိန်တို့ကပြောထားတဲ့ ရွှေကုက္ကိုမြို့သစ် နဲ့ ဝမ်ခ၊ ကျောက်ခတ် စတဲ့ ကျားဖြန့်လုပ်ငန်းတွေကိုစစ်တပ်က မတိုမထိပါဘူး။ KK Park တစ်ခုတည်းကိုသာ ကျားဖြန့်နှိမ်နင်းတယ်ဆိုပြီး စစ်တပ်ကလုပ်နေတာကြောင့် ဟန်ပြ လုပ်နေတာလို့ ကျားဖြန့်အရေးလေ့လာသူတွေကဆိုကြပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီ ပြန်ကြားရေး
















































